Friday, May 31, 2019

လုံခြုံရေးကြောင့် စစ်တွေမြို့မ ရဲစခန်း ပတ်လည်မှ ဆိုင်ခန်းများ အား ဖယ်ရှားခိုင်း




စစ်တွေမြို့၊ မြို့မရဲစခန်း၏ ပါတ်လည်တွင်ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်ခန်းပေါင်း ၇၆ ခန်းတို့အား ဖယ်ရှားပေးရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုင်ခန်းပိုင်ရှင်များအား ခေါ်ယူအသိပေးခဲ့ကြောင်း ဈေးဆိုင်ပိုင်ရှင်များကပြောသည်။ 
အဆိုပါဈေးဆိုင်များမှာ ရဲတပ်ဖွဲ့မှ ငှားရမ်းထားသည့်ဆိုင်ခန်းများဖြစ်ကာ တစ်လျင်ဆိုင်ခန်းတစ်ခန်းကို ရှေ့မျက်နှာစာမှ ကျပ် ၅ သောင်းနှင့် ဘေးဘက်နှင့် နောက်ဘက်မှဆိုင်ခန်းများအား ကျပ် ၃ သောင်းစီပေးဆောင်နေကြရကြောင်းနှင့် ယခုကဲ့သို့ ဆိုင်ခန်းများအား ဖယ်ပေးရန်ညွှန်ကြားလာသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်။ 
“ဒီဈေးဆိုင်တွေက ကျွန်မတို့ ငယ်ငယ်လေးတည်းက ရောင်းစားလာတာပါ။ တစ်ခါမှလည်း ကျွန်မတို့ကြောင့် ဒီစခန်းဟာ တစ်ခုခုဖြစ်သွားတယ်ဆိုတာမရှိဘူး။ အခုမှ လုံခြုံရေးကြောင့်ဆိုပြီး ဖယ်ရှားခိုင်းတယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ပြည်သူတွေရဲ့အသက်အိုးအိမ်ကို ကာကွယ်နေတဲ့ ရဲတွေက ထမင်းနှစ်နပ်ရှားစားနေရတဲ့ ဈေးဆိုင်တွေကို ဖယ်ရှားခိုင်းတယ်ဆိုတာကတော့ ပြောစရကိုမရှိတော့ဘူး။”ဟု အထည်ဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေးကပြောသည်။ 
ထို့အပြင် ယင်းဈေးဆိုင်ခန်း ၇၆ ခန်းအား လွန်ခဲ့သည့် ၁၉၉၁ ခုနှစ်ခန့်က စစ်တွေမြို့မရဲစခန်းမှ ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ကာ ဆိုင်ခန်းတစ်ခန်းလျင် ကျပ်ငွေ လေးသောင်းကျော်ဖြင့်ရောင်းချပေးခဲ့ပြီး မြေငှားခအဖြစ် တစ်လျင် ကျပ် တစ်ထောင်စီပေးသွင်းခဲ့ရကာ လက်ရှိတွင် ရှေ့မျက်နှာစာမှ တစ်ခန်းလျင် ကျပ် ငါးသောင်းနှင့် ဘေးဘက်နှင့်နောက်ဘက်မှ တစ်ခန်းလျင် ကျပ် သုံးသောင်းစီပေးသွင်းနေရကြောင်း ဈေးဆိုင်သည်များကပြောသည်။ 
“ကျွန်တော်တို့ကိုတော့ လုံခြုံရေးအရလို့ပြောပါတယ်။ အစကတော့ မေလ ၁၀ ရက်နေ့မှာ ဖယ်ပေးပါဆိုပြီး စာထုတ်လာ တယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်ဆီသွားပြီး ဆွေးနွေးကြတယ်။ နေရာအသစ်ချပေးဖို့အတွက် တောင်းဆိုတယ်။ မြေနေရာရှာဖို့ပြောတယ်။ ကျွန်တော်တို့ကတော့ မြေနေရာတွေကို ပြောခဲ့တယ်။ ဘယ်လိုလုပ်မလဲတော့မသိဘူး။ ဒါမေယ့် ရဲတပ်ဖွဲ့ကတော့ မေလ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖယ်ပေးရမယ်လို့ပြော ပါတယ်။ ဝန်ကြီးချုပ်ရဲ့မေတ္တာရပ်ခံချက် အရ နောက်ထပ် ရက်ပေါင်းနှစ်ဆယ်လောက် စောင့်ပေးမယ်လို့ပြောပါတယ်။”ဟု ဆိုင်ခန်းပိုင်ရှင် ဦးသာမြင့်ကပြောသည်။ 
၎င်းဆိုင်ခန်းများအား ဖယ်ရှားခိုင်းရခြင်းမှာ ဆိုင်ခန်းပတ်ပတ်လည်တည်ထောက်ထားသည့်အတွင်းဘက်နေရာတွင် ရဲစခန်းနှင့် အချုပ်ခန်းတည်ရှိနေပြီး ဒေသအခြေအနေအရ လုံခြုံရေးဆောင်ရွက်နိုင်ရန်အတွက် ဖယ်ရှားခိုင်းရခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ 
ထို့အပြင် မြေနေရာရရှိသော်လည်း ရဲတပ်ဖွဲ့မှခွင့်ပြုပေးထားသည့် ရက်ပေါင်း ၂၀ အတွင်း ဈေးဆိုင်ခန်းများအား ဆောက်လုပ်ရန် အခက်အခဲရှိနေကြောင်း ဆိုင်ခန်းပိုင်ရှင်များကပြောသည်။
The Fifth Wave News 


0 comments:

Post a Comment