Friday, May 31, 2019

မန္တလေးမြို့ရှိ မီးဘေးသင့် မင်္ဂလာဈေး ပြန်လည် တည်ဆောက်မည့် ဒီဇိုင်း ပုံကြမ်းအရ အဆင်မပြေနိုင်သည့်အတွက် ဈေးသူ ဈေးသားများ သတင်းစာရှင်းလင်း



မန္တလေးမြို့ရှိ မင်္ဂလာဈေးမှာ ၂၀၁၆ ခုနှစ်အတွင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အဆင့်မြင့်ဈေး တည်ဆောက်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအတွင်း သက်ဆိုင်ရာအဖွဲ့မှ ဆိုင်ခန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံ ရှင်းလင်းပြသခဲ့ရာတွင် တည်ဆောက်မည့် ဒီဇိုင်းအကြမ်းမှာ မူလ နေရာအတိုင်း မဟုတ်သည့်အတွက် ဈေးသူ ဈေးသားများက မူလနေရာအတိုင်း ပြန်လည် ရရှိရေးအတွက် သတင်းစာ ရှင်းလင်းပွဲကို မေ ၃၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 
မင်္ဂလာဈေး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာပြီ ဖြစ်သော်လည်း လက်ရှိအထိ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ မဆောင်ရွက်နိုင်သေးဘဲ တည်ဆောက်ရန် လျာထားသည့် ဒီဇိုင်းများမှာလည်း ဈေးသည်များအတွက် ဈေးရောင်းချရန် ခက်ခဲနိုင်သောကြောင့် ဈေးသူ၊ ဈေးသားများ အနေဖြင့် ပြင်ဆင် ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်း သိရသည်။ 
“သတင်းစာ ရှင်းလင်းပွဲ လုပ်တာ နှစ်ကြိမ်မြောက် ရှိပါပြီ။ အခုလုပ်တာက ဧပြီ ၂၆ ရက်မှာ အပြင်တန်း ဆိုင်ခန်းရှင်တွေနဲ့ တာဝန်ရှိသူတွေ စည်ပင်သာယာရေး ကော်မတီ ၆ ထပ်ဆောင်မှာ တွေ့ဆုံမှုအရ ပြန်လည် တည်ဆောက်ဖို့ ဒီဇိုင်းအကြမ်းဟာ ဈေးသည်တွေအတွက် အဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ တင်ပြတဲ့ ဒီဇိုင်းမှာ အပြင်တန်းက ဈေးသည်တွေကို မူလနေရာအတိုင်း ပြန်လည် ချထားပေးမယ် ဆိုပေမဲ့ ဆိုင်ခန်းတွေကို အရင်လို လမ်းမနဲ့ တစ်ပြေးညီ မဟုတ်ဘဲ မြေအောက်ကို ခြောက်ပေနိမ့်ပြီး မြေအောက်မှာ ချထားပေးမှာကြောင့် အဆင်မပြေနိုင်ပါဘူး။ ဒါကိုလည်း ဆိုင်ခန်းရှင်တွေအနေနဲ့ ကန့်ကွက်ခဲ့တယ်။ ဒီဇိုင်း ပြောင်းလဲပေးဖို့လည်း ပြောကြားခဲ့တယ်။ ကျွန်တော်တို့ ဈေးသူဈေးသားတွေအနေနဲ့ မူလရှိတဲ့ ဆိုင်ခန်း နေရာအတိုင်း ပြန်ရရေးကို သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်း ဖြစ်ပါတယ်” ဟု မီးဘေးသင့် မင်္ဂလာဈေး၊ လမ်း ၃၀ ဘက် မျက်နှာစာတန်းတွင် ဆိုင်ခန်း ဖွင့်လှစ်ခဲ့သော ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်က ပြောကြားသည်။ 
ဈေးသူ ဈေးသားများ အနေဖြင့် မြေညီထပ်ရှိ ဆိုင်ခန်းများကို မူလ နေရာအတိုင်းသာ ပြန်ချပေးရန် လိုလားပြီး နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့သည့် ဒီဇိုင်းအရ တည်ဆောက်ပါက ဆိုင်များမှာ လမ်းမတန်း မျက်နှာပြင်အညီ မဟုတ်ဘဲ မြေအောက် ရောက်နေမည့်အတွက် ရောင်းဝယ်ရေး အခက်အခဲ ဖြစ်ပေါ်နိုင်ကြောင်း၊ ဈေးအသစ် တည်ဆောက်ရေးမှာ အချိန်ကြာမြင့်နေသည့်အတွက် အမြန် ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ 

Eleven Media Group 

0 comments:

Post a Comment