Friday, May 31, 2019

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာသမ္မတ တက်ရောက်


နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်မှာ မေလ ၃၀ရက်ညက ကျင်းပတဲ့ ၀န်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ပါတယ်။ 
ကျမ်းသစ္စာကျိန်ဆိုပွဲကို သီရိလင်္ကာသမ္မတ မိုင်သရီပါလဆီရီစီနာ၊ ကာဂျစ်စတန် သမ္မတ ဆော်ရွန်ဘေးဂျန်ဘီကို့ဗ်၊ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်အဗ္ဗဒူလ် ဟာမစ်၊ နီပေါ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ၊ ဘူတန်ဝန်ကြီးချုပ် ဒေါက်တာလိုတေးရှားရင်း၊ မော်ရစ်ရှပ်နိုင်ငံဝန်ကြီးချုပ် ပရာဗင့်ကူးမားဂျက်နော့နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂရီဆာဒါ ဘွန်းရေ့စ်တို့လည်း တက်ရောက်ကြပါတယ်။ 

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ မြန်မာသမ္မတအပါအ၀င် နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေဟာ အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင့်ဒ် တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ တက်ခဲ့ပါတယ်။ 

မြန်မာသမ္မတဟာ ၀န်ကြီးချုပ်မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် မနေ့က စတင်သွားရောက်နေတာဖြစ်ပြီး နယူးဒေလီမြို့ရှိ မြန်မာသံရုံး ၀န်ထမ်းတွေ မိသားစုဝင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

ဒါ့အပြင် နယူးဒေလီမြို့ရှိ အမျိုးသားပြတိုက်နဲ့ India Gate သို့ သွားရောက်လေ့လာခဲ့တယ်လို့ မြန်မာသမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ-သမ္မတရုံး
DVB

0 comments:

Post a Comment