Friday, May 31, 2019

မိုက်ကယ်ကျော်မြင့်ကို ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းပါ တပ်သင့်၊ မဖမ်းဆီးနိုင်ခြင်းမှာ ရဲတပ်ဖွဲ့ ပေါ့ဆမှုဟု ရှေ့နေ ဦးသိန်းသန်းဦးပြော



တောင်ဒဂုံမြို့နယ်တွင် အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်ခဲ့သူ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသော် လည်း ယင်းစွဲဆိုမှုသည် မလုံလောက်သေးဘဲ ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းစေမှုပါ တပ်သင့်ကြောင်း အထက်မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။ 
မိုက်ကယ်ကျော်မြင့်သည် လတ်တလော အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေပြီး ရဲတပ်ဖွဲ့ကလည်း ၎င်းကို ဖမ်းဆီးနိုင်ရေး ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိကြောင်း၊ မိုက်ကယ်ကျော်မြင့်သည် လက်နက်ကိုင်အဖွဲ့တစ်ခုထံတွင် ခိုလှုံနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ 
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ မိုက်ကယ်ကျော်မြင့်သည် လူတန်းစား တစ်ခု ကိုးကွယ်သော ဘာသာကို ညှိုးနွမ်းအသရေပျက်မှု ကျူးလွန်ခဲ့ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၉၅ ထပ်မံ တပ်သင့်ကြောင်း ပြောဆိုသည်။ 
"ဥပဒေအရ ပြောမယ်။ မိုက်ကယ်ကျော်မြင့်က အဲ့နေ့က လာပြီးတော့ အဓိကရုဏ်းဖြစ်အောင် လှုံဆော်တာလေ။ ပုဒ်မ ၅၀၅ ( ခ) နဲ့ အကြမ်းဖျဉ်းတပ်လိုရတယ်။ ပုဒ်မ၂၉၅ လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကို ညှိနွမ်းအသရေပျက်အောင် လုပ်ဖို့ ကြံရွယ်ချက်တွေ လုပ်တာ ၊ အများကြီး ပုဒ်မတွေက ။ သို့သော် လာပြောတဲ့ အချိန်ကနေ့ စပြီးတော့ အရေးယူ ဆောင်ရွက်လို့ရတယ်။ ပြီးတော့ ခဏလေး စာရေး ခွင့်တောင်းတာ မဟုတ်ဘူး။ လူကိုယ်တိုင် လာပြီးတော့ ပြောတာ။ အဲ့ထဲက ဒီလူက အဓိကရုဏ်းတွေ ဖန်တီးတော့မယ် ၊ ဒီလို အရေးယူဆောင်ရွက်ချက်တာတွေ ရှိတယ်ဆိုတာ ရဲက မျက်ခြေမပြတ်စောင့်ကြည့်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်" ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။ 
မိုက်ကယ်ကျော်မြင့် လွတ်မြောက်နေခြင်းတွင် ရဲတပ်ဖွဲ့က ပေါ့ဆပြီး တာဝန် မကျေပွန်ဟုလည်း ၎င်းက ဝေဖန်လိုက်သည်။ 
"မိုက်ကယ်ကျော်မြင့် အဲ့လိုခြေရာဖျောက်သွားတာက ရဲ ပေါ့ဆမှု သို့မဟုတ် တာဝန်မကျေပွန်မှုပဲလို ပြောပါရစေ ၊ အဲအချိန်ကတည်းက စောင့်ကြည့်နေရမှာ။ ဘာလို့ လွှတ်ထားရမလဲ။ တကယ်လို့ ဟိုဘက်ခေတ်တွေမှ ဆိုရင် ဒီရဲတွေပဲလေ။ စစ်အစိုးရကို ဆန့်ကျင်တယ် ၊ ဆန္ဒပြပွဲ တစ်ခုလုပ်ရင် ချက်ချင်းကောက်တင်ပြီး ဖမ်းဆီးလိုက်မှာလေ။ ဒီလူကျမှာ သူများဘာသာရေးလုပ်တာကို နှောင်ယှက်ဖို့ လူတွေ စုလာတာကို အချိန်နဲ့ တပြေးညီ မတားဆီးဘူး။ ဖမ်းလည်း မဖမ်းဘူး ။ လွှတ်ထားတယ်။ နောက်ကျတော့ ရှာမရဘူးဆိုရင် ၊ ကျန်တာကို ဘေးချိတ် ၊ စေတနာကို ဖယ်ထား ၊ သူတို့က သူတိုတာဝန်မကျေဘူး" ဟု ၎င်းက ဝေဖန်သည်။ 
မိုက်ကယ်ကျော်မြင့်သည် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် တောင်ဒဂုံရှိ အစ္စလမ်ယာယီဝတ်ပြုဆောင်များကို လူအုပ်စုဖြင့် အင်အားသုံး ပိတ်ပင်မှု လုပ်ဆောင်ခဲ့ကာ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆောင်မှုများ ဆောင်ရွက်ခဲ့သဖြင့် ပုဒ်မ ၅၀၅ ခဖြင့် အမှုဖွင့်ခံထားရသည်။

Khit Thit Media 

0 comments:

Post a Comment