Friday, May 31, 2019

မိုက်ကယ်ကျော်မြင့်အားဖမ်းဆီးရမိရေး ဘားအံမှ မြဝတီအကြား စစ်ဆေးရေးဂိတ် ၅ ခုချ၍ လုံခြုံရေးတင်းကျပ်ထား


မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးရမိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့မှ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ အထိ စစ်ဆေးရေးဂိတ် ၅ ခုချ၍ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။ မေလ ၃ဝ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ မြို့ဝင်မြို့ထွက်နေရာများတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးတိုးမြှင့်ချထားပြီး ရန်ကုန်ဘက်မှ ကရင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသောကားများကို ရှာဖွေစစ်ဆေးရေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင် နေခြင်းဖြစ်သည်။ 
''ကျွန်တော်တို့လုံခြုံရေး အခြေအနေအရ ပြောခွင့်တော့မရှိပါဘူး။ ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင် မြတ်မိုးရဲ့လမ်းညွှန်မှုနဲ့ မြဝတီမြို့ သင်္ဃန်းညီနောင်အဝင်နဲ့ ကုန်သွယ်ရေးဇုန်နေရာတွေမှာ လုံခြုံရေးအရ စစ်ဆေးရှာဖွေမှုတွေပြုလုပ်နေတာပါ။ ဒီနေ့ (မေလ ၃ဝ ရက်) မွန်းလွဲ ၁ နာရီလောက်က စခဲ့တာပါ။ အထက်အမိန့်အရလိုအပ်ရင် ရက်အကန့်အသတ်မရှိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သူရည်က ပြောသည်။ 
ဖမ်းဝရမ်းထုတ်ထားခြင်းခံထားရသည့် မိုက်ကယ်ကျော်မြင့်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ဆောင်ရွက်ချက်များကို နေပြည်တော်ပြည်ထဲရေးဝန်ကြီးရုံးတွင် ပြီးခဲ့သည့် မေ ၂၇ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦးကမေးမြန်းခဲ့ရာ ''၁၇ ရက်နေ့ ည ၈း၅ဝ နာရီမှာ ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ တိုးဂိတ်ကိုဖြတ်သွားတယ် သတင်းကြားပါတယ်။ ၁၉ ရက်နေ့ နံနက် ၁ နာရီ ခွဲမှာ မိုက်ကယ်ကျော်မြင့် စီးသွား တဲ့ကားကို ကျောက်စိမ်းဘုရားမှာတွေ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ကျော်မြင့်ကို မတွေ့ရ တော့ဘဲ သူနဲ့ပတ် သက်တဲ့ အမျိုးသမီးတယောက်ကို တွေ့ရပါတယ်။ တကယ်တော့ မိုက်ကယ်ကျော်မြင့်ဟာ ပဲခူးမှာခြေရာ ဖျောက်ပြီး လိုင်းကားနဲ့ပြောင်းစီးသွားကြောင်း သုံးသပ်ချက်ရရှိခဲ့ပါတယ်။ မိုက်ကယ်ကျော်မြင့်ဟာ အရင်ကငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းတခုရဲ့စီးပွားရေးတာဝန်ခံတဦးဖြစ်တာကြောင့် အဲဒီအဖွဲ့ထဲကို မိုက်ကယ်ကျော်မြင့်ရော သီဟမျိုးနိုင်ပါသွားပြီး တိမ်းရှောင်နေတယ်လို့ သတင်းရတာကြောင့် ချိတ်ဆက်ဆောင် ရွက်လျက်ရှိပါတယ်''ဟု ဒုရဲချုပ်(၁) ရဲဗိုလ် ချုပ်မျိုးဆွေဝင်းက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားထားသည်။ 
မိုက်ကယ်ကျော်မြင့်အနေဖြင့် ကရင်ပြည်နယ်လက်နက်ကိုင်အဖွဲ့အစည်းများဘက်သို့ တိမ်းရှောင်လာနေ သည်ဟု ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ''ကျွန်တော်တို့ PC အဖွဲ့အစည်းနဲ့တော့ ပတ်သက်မှု မရှိပါဘူး။ လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ဆော်နေတဲ့ မိုက်ကယ်ကျော်မြင့်ဆိုတာ အရင်က အဲဒီကလူက ကျွန်တော်တို့တပ်ဖွဲ့ဝင်တချို့နဲ့ ပတ်သက် ပြီး ရန်ကုန်မှာအဖွဲ့အစည်းအမည်ခံ တလွဲလုပ်တာတွေကြောင့် အရေးယူခံရတယ်လို့တော့ ကြားသိရတယ်။ အခုလည်း ဒီလူက ကျွန်တော်တို့ KNU/KLNA /PC နယ်မြေဘက်ကို ရှောင်လာတယ်ဆိုပြီး သတင်းတွေထွက်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့နယ်မြေထဲမှာတော့ ဒါမျိုးလက်မခံပါဘူး''ဟု ကရင်ပြည်နယ် JMC ပစ်ခတ်တိုက်မှုစောင့်ကြည်ရေးအဖွဲ့ဝင် ငြိမ်းချမ်းရေး ကောင်စီဌာနချုပ်အတွင်းရေးမှူးဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောဆိုသည်။ 
ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းများအနေဖြင့် သံလွင်တံတား ဘားအံစစ်ဆေးရေးဂိတ်၊ ဂျိုင်း-ကော့ကရိတ်တံတား စစ်ဆေးရေးဂိတ်၊ ကော့ကရိတ်-လှိုင်ဝတံတားစစ်ဆေးရေးဂိတ်၊ သင်္ဃန်းညီနောင်စစ် ဆေးရေးဂိတ်၊ မြဝတီကုန်သွယ်ရေးဇုန်ဂိတ်နှင့် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ အရန်ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားတိုးမြှင့်ချထား၍ ရန်ကုန်ဘက်မှ ကရင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသောကားများ၊ ဆိုင်ကယ်များကို ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ 
ကဆောဝါး
News Watch 

0 comments:

Post a Comment