Friday, May 31, 2019

ကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသည့် ကလေးအရေအတွက် မြင့်တက်


ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ကလေးငယ်အရေအတွက် ဒုတိယအမြင့်ဆုံး အဆင့်ထိ မြင့်တက်နေပါတယ်။ 
ဧပြီလ အစောပိုင်းအထိ အီဘိုလာရောဂါ ဖြစ်ပွားသူနဲ့ ကူးစက်ခံရဖို့ အလားအလာများသူ ပမာဏ စုစုပေါင်းရဲ့ လေးပုံတပုံကျော်ဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေပါ။ 

အီဘိုလာရောဂါဟာ အလျင်အမြန် ကူးစက်နိုင်ပြီး ကိုယ်ခံအားစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဝမ်းလျှောတာ၊ အော့အန်တာ၊ ဖျားနာတာနဲ့ သွေးလျှံတာတွေပါ။ 

ရောဂါကူးစက်ခံရတဲ့ ကလေးငယ် သုံးယောက်တိုင်းမှာ နှစ်ယောက် သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ မေလ ၂၆ ရက်နေ့အထိ အီဘိုလာရောဂါကြောင့် သေဆုံးသူ တထောင့်နှစ်ရာကျော်ရှိပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ၅၄၁ ယောက် ပါပါတယ်။ 

အီဘိုလာရောဂါပိုးဟာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေဆင့် ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရဆေးရုံတွေ အပြင်ဘက်မှာ လုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေကို အမြဲမလိုက်နာကြဘူးလို့ ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ဒါဟာ ကွန်ဂိုနိုင်ငံမှာ ၁၀ ကြိမ်မြောက် အီဘိုလာရောဂါ ဖြစ်တာပါ။ ကွန်ဂိုနိုင်ငံအတွင်း မှတ်ပုံတင်မထားတဲ့ ပုဂ္ဂလိက ဆေးခန်းတွေနဲ့ တိုင်းရင်းဆေးကု ဆရာတွေက အိမ်မှာတင် ကုသပေးတဲ့ ဓလေ့တွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကြီးကြပ်နိုင်မှု မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု စံချိန်စံညွှန်းတွေက ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားနေပါတယ်။

DVB

0 comments:

Post a Comment