Friday, May 31, 2019

မန္တလေး ကျုံးပတ်လည်တွင် ထီရောင်းချမှု စနစ်တကျဖြစ်အောင် ဆောင်ရွက်မည်


မန္တလေးမြို့ ကျုံးပတ်လည်တွင် ထီသည်များ ထီရောင်းချမှုကို စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည် ။ 
ထီသည်များအနေဖြင့် လကုန်ခါနီးတွင် ကျုံးဘေး၌ ရောင်းချမှုများပြီး စနစ်မကျသည့်အတွက် ယာဉ်ကြောကြပ်မှုများဖြစ်ပေါ်သောကြောင့် လမကုန်ခင် (၅) ရက်အတွင်း ရောင်းချရန်၊ ည (၇) နာရီ မှ ည (၁၁) နာရီအထိရောင်းချရန်နှင့် ထီရောင်းချနိုင်သည့် နေရာများ သတ်မှတ်ပေးခြင်း တို့ ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည် ။
"ရက်သတ်မှတ်ပေမယ့် စည်းကမ်းလေး သတ်သတ်မှတ်မှတ်ရှိအောင် အသိပညာပေးတာလုပ်မယ် ။ ဖြူနီကြားဆွဲထားတဲ့နေရာတွေ လမ်းဆုံလမ်းခွတွေမှာ ရောင်းလို့မရဘူး ။ကျွန်တော်တို့ စည်ပင်သာယာအနေနဲ့ ဈေးရောင်းကားတွေနဲ့ ပတ်သက်လို့ ခွင့်ပြုထားတာတွေရှိတယ် ။ ဒီလိုခွင့်ပြုရာမှာလည်း စည်းကမ်းသတ်မှတ်ချက်တွေရှိတယ်" ဟု မန္တလေးမြို့တော်စည်ပင်သာယာ အခွန်ဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။
ဈေးရောင်းကားများကို တင်ပြလာသည့် နေရာ (၅) နေရာတွင် ရောင်းချခွင့်ပေးထားပြီး ကားပေါ်မှ ကုန်ပစ္စည်းများချခင်းမရောင်းရ ၊ လမ်းဆုံလမ်းခွ နှင့် ယာဉ်ကြောရှုတ်ထွေးစေသည့်နေရာများတွင် မရောင်းရ စသည့် စည်းကမ်းများသတ်မှတ်၍ တစ်နှစ်လျှင် (၂) သိန်းကျပ်နှုန်းဖြင့် ရောင်းချခွင့်ပေးကြောင်း သိရသည် ။
ထီရောင်းချသူများကိုလည်း အလားတူပုံစံမျိုးဖြင့် Light Truck အမျိုးအစားကားဖြင့် တစ်နှစ်လျှင် (၂) သိန်းကျပ် ၊ ခွေးဘီးလူးကားအမျိုးအစားဖြင့် တစ်နှစ်လျှင် (၁) သိန်း (၅) သောင်းကျပ်၊အခြားလက်တွန်းနှင့် ယာဉ်များကို တစ်နှစ်လျှင် (၁) သိန်းကျပ်နှုန်းဖြင့် ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည် ။

The Fifth Wave News 

0 comments:

Post a Comment