Wednesday, May 29, 2019

မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးအား ပစ်စာတစ်စောင်အရ ရာထူးလျှော့ချအပြစ်ပေးမှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ်မမျှတသောကြောင့် ပြန်လည်စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပညာရေးဝန်ကြီးဌာနထံ စာပို့တောင်းဆို


မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးအား ပစ်စာတစ်စောင်အရ ရာထူလျှော့ချ အပြစ်ပေးမှုမှာ ပြစ်မှုနှင့် ပြစ်ဒဏ်မမျှတသော ကြောင့် ပြန်လည်စိစစ်သင့်ကြောင်း နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီထံ စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။ 
မြို့နယ်ပညာရေးမှူး ဦးမြင့်သွင်အား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု ပစ်စာတစ်စောင်ဖြင့် တိုင်ကြားမှုအရ မြို့နယ်ပညာရေးမှူးရာထူးမှ ဦးစီးရာထူး (စာရင်းအင်း) အဖြစ် ဖျာပုံခရိုင် ဖျာပုံမြို့နယ်ပညာရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ရာထူးလျှော့ချအပြစ်ပေးခဲ့မှုမှာ ပြစ်မှုပြစ်ဒဏ်မျှတခြင်းမရှိကြောင်း နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စုံစမ်းရရှိသော သတင်းအချက်အလက်များနှင့် မြေပြင်အခြေအနေ၏ တွေ့ရှိချက်များအရငွေကြေးကောက်ခံနေသည်ဟု ဆိုသည်မှာ ဝန်ထမ်းများအား မဖြစ်မနေထည့်သွင်းရမည်ဟု လုပ်ဆောင်ခိုင်းခြင်းမဟုတ်ဘဲ စေတနာရှိသော ဝန်ထမ်းများ၏ ဆန္ဒအလျောက် ထည့်ဝင်ငွေများသာဖြစ်ပြီး ကောက်ခံရရှိသည့် ငွေများမှာလည်း ပညာရေးဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းသာဖြစ်ပြီး ပညာရေးမှူးက ထိန်းချုပ်ခြင်း၊ စီမံခြင်းများ လုပ်ဆောင်မှုမရှိဘဲ ကျောင်းအုပ်ကြီးများက ဖွဲ့စည်းထားသော ပညာရေးကူညီထောက်ပံ့မှုအဖွဲ့သာ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရာထူးလျှော့ပြောင်းရွှေ့ပြစ်ဒဏ်နှစ်ခုစလုံးကို တစ်ပြိုင်နက်ချမှတ်ခြင်းမှာ ကာယကံရှင် ဦးမြင့်သွင်အား ဆိုးရွားစွာထိခိုက်စေရုံသာ မကဘဲ နိုင်ငံဝန်ထမ်းထုတစ်ရပ်လုံးကိုပါ တုန်လှုပ်စေနိုင်ပြီး နိုင်ငံတော်ဝန်ထမ်းများအနေဖြင့် ပြည်သူ့အစိုးရအပေါ် အားကိုးယုံကြည်မှု လျော့ပါးသွားမည်ကို စိုးရိမ်မိသောကြောင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးသင့်ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာဖြင့်ရေးသားပေး ပို့တောင်းဆိုခဲ့ကြောင်း သိရသည်။ 
“ပစ်စာကနေအရေးယူတယ်လို့ ပြောတယ်ပေါ့နော်။ ကျွန်တော်တောင်းပါတယ်။ အဲဒါကို ဖြစ်နိုင်ရင် အဲဒါလေးမိတ္တူပေးပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပစ်စာနဲ့ ပတ်သက်ပြီး မေးခွန်းလေးမေးစရာရှိတော့ အဲဒါနဲ့ပတ်သက်ပြီး တောင်းထားတယ်။ သို့သော် ပညာရေးဌာနက ကျွန်တော့်ကို အခုထိတော့ ပေးတာမရှိသေးပါဘူး။ အကြံပြုတာလည်း မရှိပါဘူး။ ကျွန်တော်ရေးတင်တာလည်း ဒီဆရာကြီးတစ်ဦးတည်းအတွက် မဟုတ်ဘူး။ ဒီဆရာကြီးအနေနဲ့ကလည်း ၂၀၁၆ ကတည်းက ဌာနအတွင်းမှာ စာထုတ်ထားတာရှိတယ်။ အဲဒါလည်း ကျွန်တော့်ကို မိတ္တူပေးတယ်။ ငွေမကောက်ခံဖို့ပေါ့။ သို့သော် ကောက်ခံမှုတွေကတော့ မြို့တိုင်းလိုလိုမှာရှိတယ်။ သို့သော် ရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့ မော်ကျွန်းမှာ ကောက်တဲ့ပုံစံကတော့ ကျောင်းအုပ်ကြီးတွေပေါ့။ ကျောင်းအုပ်ကြီးတွေစုပြီးတော့ ပညာရေးလုပ်သားများကူညီထောက်ပံ့ရေး အဖွဲ့လေးတွေဖွဲ့တယ်။ ဖွဲ့ပြီးတော့ အဲဒီကနေပြီးတော့ စီမံခန့်ခွဲတယ်။ သို့သော် ပစ်စာထဲမှာက ကျွန်တော်ထင်တာက ပညာရေးမှူးကနေ တိုက်ရိုက်စီမံခန့်ခွဲတယ်ဆိုတဲ့ ပုံစံမျိုးထင်ပြီးတော့ အပြစ်ပေးတာလည်းဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော်သိရသလောက်ကတော့ ဒီအဖွဲ့ကနေပြီးတော့ စီမံခန့်ခွဲတာ ဖြစ်တယ်။ အဓိကကတော့ ဒီအရေးယူမှုက ဘာပြဿနာ ရှိလဲဆိုတော့ အစိုးရရဲ့ပုံရိပ်ကိုထိမှာ ကျွန်တော်လည်း စိုးတယ်။ ဘာလို့လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးကာလမှာ ကျွန်တော်ရေးတဲ့ စာထဲမှာလည်း ပါတယ်။ ကျွန်တော်တို့က ခေါက်ရိုးကျိုးနေတဲ့အရာတွေကို ချက်ချင်းဆွဲဆန့်လို့မရဘူး။ တရွေ့ရွေ့သွားရမယ်။ ဖြည်းဖြည်းချင်း သွားရမယ်။ အဲဒီလိုအခြေအနေမျိုးမှာပေါ့။ လူ့အဖွဲ့အစည်းကို ထိခိုက်မယ့်အရာမျိုး၊ ကိုယ်ကျိုးစီးပွားကို အလွန်အကျွံသုံးတဲ့အရာမျိုးတွေ၊ နောက် ဆိုးဆိုးရွားရွားအပြစ်ဒဏ်မျိုး ဒါမျိုးတွေကို အစိုးရ ကလည်းကြည့်မနေဘူး။ အရေးယူပြနေတယ်။ သို့သော် ဘယ်လိုခေါ်မလဲ ဒီပြစ်မှုနဲ့ ပြစ်ဒဏ်ကျတော့ စီမံခန့်ခွဲမှုအားနည်းကောင်းနည်းမယ်။ ဆရာကြီးကိုယ်တိုင်လည်း ဒီဟာကို သိရဲ့သားနဲ့ပေါ့။ ဘယ်လိုခေါ်မလဲ ဟန့်တားတာဘာညာ အားနည်းကောင်းနည်းမယ်။ ပြစ်ဒဏ်ကတော့ ပြင်းလွန်းအားကြီးတယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒီပြစ်ဒဏ်ပေးလိုက် ခြင်းအားဖြင့် ဝန်ထမ်းတွေအနေနဲ့ အစိုးရအပေါ် အားကိုးယုံကြည်တဲ့စိတ် လျော့သွားမှာ စိုးတယ်။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်က ရေးတင်လိုက်တာ။ ထပ်ပြီးတော့ မသေချာမှာစိုးလို့ ကျွန်တော် Email နဲ့လည်း ပို့လိုက်သေးတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ပြောကြားသည်။ 
မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးအားပစ်စာဖြင့် အရေးယူဆောင်ရွက်မှုပြုလုပ်ပြီးနောက် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက လပွတ္တာမြို့တွင် ပစ်စာတိုင်ကြားသူ လိပ်စာမပါရှိလျှင် ဌာနဆိုင်ရာအရေးယူမှု မပြုရေး၊ ပစ်စာတိုင်ကြားသူအား သက်သေအဖြစ် ထည့်သွင်းစစ်ဆေးပေးရေး၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းထားရေး၊ ပင်စင်စားထောက်ပံ့ကြေးကောက်ခံမှုအား ဌာနဆိုင်ရာအရေးယူမှုမပြုရေး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment