Friday, May 31, 2019

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀၀၀ ကျော် အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးစီမံကိန်းအတွက် အီတလီနိုင်ငံက အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန် လက်မှတ်ရေးထိုး

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀၀၀ ကျော်အား အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် အီတလီနိုင်ငံက အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန်အတွက် ချေးငွေစာချုပ်ကို မေ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ( National Electrification Projectး Off – Grid Component NEP – IT) အတွက် အီတလီနိုင်ငံက ပေးအပ်သည့် အတိုးမဲ့ချေးငွေယူရိုသန်း ၃၀ ရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါချေးငွေမှာ အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၈ နှစ်နှင့် ပြန်ဆပ်ကာလ ၁၀ နှစ် စုစုပေါင်းချေးငွေသက်တမ်း ၂၈ နှစ် ဖြစ်ကြောင်း၊ ချေးငွေစာချုပ်ကိုအီတလီနိုင်ငံကိုယ်စား Mr.Carlo Segin ,Cooperazione & Development (Head).Cassa Depositie Prestiti S.p.A နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်စီစီပြုံးတို့က သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
အီတလီနိုင်ငံ အတိုးမဲ့ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပါ စီမံကိန်းသည် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀- ၂၀၂၁ ခုနှစ်အထိ စီမံကိန်းကာလသုံးနှစ်ဖြစ်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ)တို့အတွင်း ကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေပေါင်း ၉၆၅၀၀ အား အိမ်သုံးဆိုလာစနစ် အသေးစားဓာတ်အားစနစ်တို့ဖြင့် ကျေးလက်မီးလင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါလက်မှတ်ရေးထိုးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် စသည့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Eleven Media Group 

0 comments:

Post a Comment