Thursday, May 30, 2019

ကလောမြို့နယ်၌ လျှပ်စစ်ခြင်ရိုက်တံဖြင့် ခြင်ရိုက်နေစဉ်အနီး ဆိုင်ကယ်ဆီဖြည့်ရာမီးလောင်မှုဖြစ်ပွား၊ (၂)ဦးသေဆုံး၊ (၄)ဦးဒဏ်ရာရ


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ကလောမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ၊ နတ်စင်လမ်းမှာ မေလ (၂၉) ရက် ည (၇) နာရီ မိနစ် (၂၀) ခန့် အချိန်က ဒေါ်စန်းစန်းဝင်း နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။ 
ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်းအသက် (၅၀) နှစ်၊ နေအိမ်မှာ မြေးတော်စပ်သူ မစိုးမြတ်နိုးဝတီ က လျှပ်စစ်ခြင်ရိုက်တံနဲ့ ဆော့ကစားနေစဉ် အနီးရှိ ဒေါ်စန်းစန်းဝင်းက ဆိုင်ကယ်ကို ဓါတ်ဆီဖြည့်သွင်းမှုကြောင့် ဆိုင်ကယ်ကို မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ 
မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဝင်း အသက်(၅၀)နှစ်၊ နဲ့ နေအိမ် အတွင်းအလုပ်သမားအဖြစ် ခေါ်ယူထားတဲ့ မမေဇင်ဦး အသက် (၂၂)နှစ်တို့နှစ်ဦးမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ 
ဒါ့အပြင် ဦးဝေမြင့်(၃၁)နှစ် နှစ်ဖူးကွဲ မျက်ခုံးကွဲ ဒဏ်ရာရရှိ ၊ ကိုငယ်လေး (၂၃)နှစ် ခြေတောက်ဒဏ်ရာရရှိ ၊ ကိုမျိုးထွေး ( ၃၂)နှစ် လက်ကျိုး ဒဏ်ရာရရှိ ၊ မစိုးမြတ်နိုးဝတီ(၁၁)နှစ်ကျော် မှာ ခြေ၊လက်တို့မှာ မီးလောင် ဒဏ်ရာတွေ (မစိုးရိမ်ရ) အသီးသီးရရှိကာ မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ 
အဲဒီမီးလောင်မှုဖြစ်ပွားရာကို မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ် (၄) စီးနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည(၈) နာရီခွဲမှာ မီးငြိမ်းနိုင်ခဲ့ပါတယ်။ 
မီးလောင် မှုကြောင့် (၉×၄၀)ပေ (၄) ခန်း သွပ်မိုး၊ ပျဉ်ကာ မြေစိုက်နေအိမ် နဲ့ကား (၁) စီး၊ ဆိုင်ကယ် (၄) စီး ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ 
ဆုံးရှုံးမှုခန့်မှန်းကာလတန်ဖိုးမှာ ကျပ်သိန်း(၂၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။ 



သတင်း၊ဓါတ်ပုံ -- ကိုကိုချစ်(ကလော)
One News Myanmar 

0 comments:

Post a Comment