Wednesday, May 29, 2019

ကျပ် ၁၀၀၀ တန်ထီ ရောင်းမကုန်ထီလက်မှတ်ကျန်ရှိမှု စံချိန်တင်


ရောင်းအားကျနေသော ကျပ် ၁၀၀၀ တန်ထီလက်မှတ် ကျန်ရှိမှုပမာဏသည် လေးကြိမ်အတွင်း အများဆုံး အရေအတွက်အဖြစ် စံချိန်တင်ကျန်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ 
ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်မည့် ယခုအကြိမ်သည် ၁၀၀၀ ကျပ်တန်ထီလက်မှတ်ရောင်းခဲ့သည့် ကာလတစ်လျှောက် အက္ခရာအများဆုံးဖြစ်ပြီး ရောင်းမကုန်သည့် ထီအုပ်ရေမှာလည်း စံချိန်တင် အရေအတွက်အဖြစ် အုပ်ရေ ၅၀၆,၀၃၃ ကျန်ရှိကြောင်း ယင်းဌာန၏ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ 
“အခုထီရောင်းရတာ လုံးဝမကောင်းဘူး။ အရင်က (၂၀၀ တန်၊ ၅၀၀ တန်) ဆို အခုချိန်ဆို (ကျပ်) ၁၀ သိန်းလောက်က ပြေးမလွတ်ဘူး။ အခုက နှစ်သိန်းတောင် မနည်းရောင်းနေရတယ်။ ဒါတောင် ထီတစ်စောင် တစ်ထောင်နော်”ဟု ရောင်းအားကျဆင်းနေမှုအခြေအနေကို ကားဖြင့် ထီလှည့်လည်ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။ 
ထီဆုကြေးကို တိုးမြှင့်ပေးခြင်း (သို့မဟုတ်) ထီဆုကြီးကို တိုးမြှင့်ပေးခြင်း (သို့မဟုတ်) ထီလက်မှတ်ဈေး လျှော့ပေးခြင်းများ ပြုလုပ်မည်ဆိုပါက ထီအရောင်းအဝယ် ပြန်တက်လာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 
ယခုအကြိမ်သည် ပထမဆုံးအကြိမ်ကထက် အက္ခရာ ၃ လုံး၊ ဒုတိယအကြိမ်ကထက် အက္ခရာ ၃ လုံးနှင့် တတိယအကြိမ်ကထက် အက္ခရာ ၆ လုံးပိုမိုရောင်းချခဲ့သည်။ 
ပထမဆုံးအကြိမ် ၁၀၀၀ ကျပ်တန် ထီဖွင့်ခဲ့စဉ်က ထီလက်မှတ်အုပ်ရေ “က” မှ “ကဆ” အက္ခရာအထိ အက္ခရာအလုံး ၄၀ ဖြင့် ထီစာအုပ် ၃,၂၇၂,၇၂၀ ရောင်းချခဲ့ရာတွင် အားလုံးရောင်းချနိုင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် ထီအုပ်ရေ ၄၃၅,၅၇၇ အုပ်နှင့် တတိယအကြိမ်တွင် ထီစာအုပ် ၂၆၁,၂၉၅ အုပ် ရောင်းရန်ကျန်ရှိခဲ့သည်။ 
ကျန် ၂၀၀ တန်ထီရောင်းချမှုကို ၂၀၁၇ ခုနှစ် ဇွန်လနှင့် ကျပ် ၅၀၀ တန်ထီကို ယခုနှစ် မေလက ရပ်နားခဲ့သည်။

The Voice

0 comments:

Post a Comment