Friday, May 31, 2019

(၄) ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီတွင် ရောင်းမကုန်ထီစာအုပ်ရေ ငါးသိန်းကျော် ကျန်ရှိ



ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီတွင် ရောင်းမကုန်သည့် ထီစာအုပ်ရေ (၅၀၆၀၃၃) အုပ် ကျန်ရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ 

(၄) ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီ ဖွင့်ပွဲအတွက် က အက္ခရာမှ ကည အက္ခရာအထိ စုစုပေါင်း အက္ခရာ (၄၃) လုံး ထီစာအုပ်ရေ (၃၅၁၈၁၇၄) ကို ရောင်းချပေးခဲ့ရာ ထီစာအုပ် (၃၀၁၂၁၄၁) အုပ် ရောင်းချခဲ့ရကြောင်းသိရသည်။ 
"ဇွန်လ ၁ ရက်နေ့မှာ ဖွင့်မယ့် အောင်ဘာလေထီမှာ ဘဏ္ဍာသိမ်း ဆုမဲတွေကိုလဲ အပိုထည့်ပေးမယ်။ ဘဏ္ဍာသိမ်းထဲကနေ ရာခိုင်နှုန်းတစ်ခုကို ပြန်ပြီး ဆုမဲတွေ ထည့်ပေးမယ်။ဘယ်လောက် ရာခိုင်နှုန်း ဆိုတာတော့ ပြောလို့ မရသေးဘူး။ အခြေနေကြည့်ပြီးတော့ သင့်တော်တဲ့ နှုန်းထားတစ်ခုကို ထည့်ပေးသွားမှာပါ"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။ 
အဆိုပါထီဖွင့်ပွဲတွင် နိုင်ငံတော်ဘဏ္ဍာသိမ်းထီ ဆုငွေများကို ထည့်သွင်း ဖွင့်လှစ်ပေးသွားမည့် ကိစ္စနှင့်ပတ်သက်၍လည်း ပြည်ထောင်စု၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်ဟုဆိုသည်။ 
အောင်ဘာလေထီသိန်းဆုဌာနခွဲသည် ထီလက်မှတ်များ ရောင်းရငွေမှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းပြီး ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးလျက်ရှိရာ ယင်း ၆၀ ရာခိုင်နှုန်းအနက် ထီတိုက်မှုအားနည်းခြင်းကြောင့် 
၅ ရာခိုင်နှုန်းကို လစဉ် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူနေရကြောင်းသိရသည်။ 
၎ကြိမ်မြောက်အတွက် ထီစာအုပ်ရောင်းရငွေမှာ 
(၃၀၁၂၁ ဒသမ ၄၁၀) သန်း ရှိပြီး ၆၀ ရာခိုင်နှုန်း ထီဆုမဲအဖြစ် ခွဲဝေပေးမည့်ငွေမှာ (၁၈၀၇၂ ဒသမ ၈၄၆) သန်းဖြစ်သည်။ 
ထီဆုငွေများကို အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆု ၊ ကျပ်သိန်းတစ်သောင်းဆု ၊ ကျပ်သိန်းငါးထောင်ဆု ၊ ကျပ်သိန်းနှစ်ထောင်ဆု ၊ ကျပ်သိန်းတစ်ထောင်ဆု ၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆု ၊ကျက်သိန်းနှစ်ရာဆု ၊ကျပ်သိန်းတစ်ရာဆု ၊ ကျပ်သိန်းငါးဆယ်ဆု ၊ ကျပ်သိန်းနှစ်ဆယ်ဆု ၊ ကျပ်တစ်ဆယ်သိန်းဆု ၊ ကျပ်ငါးသိန်း ဆုမဲများနှင့် ဝေဝေဆာဆာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်းဆု ၊ကျပ်နှစ်သိန်းဆု ၊ ကျပ်တစ်သိန်းဆုနှင့် ကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ 
ထိုသို့ ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီ လက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက် လာခဲ့ပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဝေဝေဆာဆာဆုစနစ်တွင် ယင်းထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာခဲ့ပါက အဆိုပါ ဆုမဲတန်ဖိုးများကို စုပေါင်း၍ အခြားသင့်လျော်သော ဆုမဲများအား အစားထိုး ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
The Fifth Wave News 

0 comments:

Post a Comment