Thursday, May 30, 2019

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ မေ(၃၀)ရက်မနက်ပိုင်းက နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ သိရပါတယ်။ 
နိုင်ငံတော်သမ္မတနဲ့အဖွဲ့ကို ဒုတိယသမ္မတတွေဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။ 
ဧပြီ(၁၁)ရက်ကနေ မေ(၁၉)ရက်အထိ အဆင့်(၇)ဆင့်နဲ့ ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် မိုဒီရဲ့ BJP ပါတီက (၂၉၆)နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 
အဲဒီရွေးကောက်ပွဲမှာ BJP ပါတီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ (INC)ပါတီဟာ အမတ်နေရာ (၅၂)နေရာသာ ရရှိခဲ့တာကြောင့် ၀န်ကြီးချုပ်မိုဒီရဲ့ BJP ပါတီက မဲအပြတ်အသတ်ရလဒ်နဲ့ ရွေးကောက်ပွဲမှာ အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ 
ပါတီပေါင်း(၂)ထောင်ကျော်နဲ့ ကိုယ်စားလှယ်လောင်းပေါင်း (၈)ထောင်ကျော်ဟာ အမတ်နေရာ(၅၄၃)အတွက် ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။ 
အဲဒီရွေးကောက်ပွဲကို မဲပေးခွင့်ရှိသူပေါင်း သန်း(၉၀၀)ကျော်ထဲက သန်း(၆၀၀)ကျော်က မဲလာပေးခဲ့တာကြောင့် ကမ္ဘာမှာ မဲပေးသူအများဆုံး ရွေးကောက်ပွဲကြီးလည်း ဖြစ်ခဲ့ပါတယ်။



One News Myanmar 

0 comments:

Post a Comment