Friday, May 31, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေနှင့်ညီမညီ စိစစ်ပေးရန် ကြံ့ခိုင်ရေးပါတီ ခုံရုံးထံတိုင်ကြား



ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်အနေနဲ့ ဥပဒေနဲ့အညီလုပ်ဆောင်မှု မရှိခဲ့တဲ့အပေါ် စိစစ်ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး တိုင်ကြားလိုက်ပါတယ်။ 
အဲဒီတိုင်ကြားစာကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ပေးပို့တိုင်ကြားလိုက်တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေး က ဒီဗွီဘီကို ပြောပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ အရေးကြီးအဆိုတင်သွင်းပြီး ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းလုပ်ဆောင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေကို စိစစ်ဆုံးဖြတ်ပေးဖို့ အကြောင်းကြားထားတာလို့ ဆိုပါတယ်။ 

ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးသောင်းအေးက“ဒီဘက်က သွားနေတာက ရာခိုင်နှုန်း ၂၀ သော ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး တင်ပြီးသွားနေတဲ့ ပြင်ဆင်ရေးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီသွားနေတာ။ ဟိုဘက်က ၄၅ ဦးကော်မတီနဲ့ ပြင်ဆင်မှု လုပ်နေတယ်ဆိုတာကတော့ ဖွဲ့စည်းပုံနဲ့ မညီတဲ့ ပြင်ဆင်ရေး လမ်းကြောင်းဖြစ်တယ်။ ဒါကိုလည်းပဲ လွှတ်တော်ထဲမှာ အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်တယ်။ အဲတော့ ပြောချင်တာက ဥပဒေနဲ့ မညီဘူးဆိုတဲ့ လုပ်ရပ်တခုကို ပြုလုပ်နေတာဖြစ်တဲ့အတွက် အန်ကယ်တို့က ထပ်ပြီးတော့ ဒီလုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ ညီရဲ့လားဆိုပြီး နောက်ထပ် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီးတော့ ၂၈ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထပ်ပြီးတော့ မေးမြန်းထားပါတယ်” လို့ ပြောပါတယ်။ 

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တိုက်ရိုက် မတင်ပြခင် မေလ ၇ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ခံဆွေးနွေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆုံးဖြတ်ပေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံကတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြတောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီတင်ပြ တောင်းဆိုချက်ကိုတော့ အမျိုးသားလွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ပြီးခဲ့တဲ့ ၁၄ ရက်က ပေးပို့ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ 


၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီး ၄၅ ဦးကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

DVB 

0 comments:

Post a Comment