Friday, May 31, 2019

ဆရာတော်ဦးဝီရသူအား ဖမ်းဆီးရေးကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးပြောကြား


ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ကာ ၀ရမ်းထုတ်ခြင်း ခံထားရသည့် ဦးဝီရသူအား ဖမ်းဆီးရေးကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ 
ယနေ့ မေလ ၃၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစိုးရ၏ တတိယ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
`သာသနာရေးကတော့ သံဃမဟာနာယကရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သတိပေးတာ သက်သက်တစ်ခု ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလုပ်တာက အုပ်ချုပ်ရေးဘက်က လုပ်တာ ဖြစ်ပါတယ်။ မတူပါဘူး။ အဲဒီအပေါ်မှာတော့ အခု အမှုဖွင့်ထားတယ်။ ၀ရမ်းလည်း ထုတ်ထားတယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်ဆောင်ရွက်ဖို့ပဲ ရှိပါတယ်` ဟု ဦးဇော်ဌေးက ပြောကြားသည်။ 
လက်ရှိအချိန်တွင်မှု ဦးဝီရသူအား ဖမ်းဆီးရမိခြင်း မရှိသေးဘဲ။ ထောက်ခံသူများကလည်း မနေ့က (မေလ ၃၀ ရက်) တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဦးဝီရသူ အတွက် ဆုတောင်ပွဲများ ပြုလုပ်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရွှေတိဂုံစေတီတော်၌ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ 
အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ဦးဝိရသူ ကိစ္စနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရန် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသည့် သူများက လုပ်ဆေင်နေသည်ဟု ဆိုသည်။ 
`အထူးသဖြင့် မနေ့က ဘုရားမှာ ဆုတောင်းတာတွေရှိတယ်။ ပြီးရင် တချို့နယ်ကနေ တက်လာတာ တွေ ရှိတယ်။ ဒီသတင်းအချက်အလက်တွေပေါ် မူတည်ပြီးတော့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိတဲ့ လူတွေလုပ်ပါတယ်`ဟု ဦးဇော်ဌေးက ပြောကြားသည်။ 
ဦးဝီရသူအား ဗဟိုအစိုးရ၏ ညွှန်ကြားချက်ဖြင့် တိုင်းဒေကြီးအစိုးရအဖွဲ့မှ တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက သတင်းမီဒီယာများကို ပြောကြားသည်။ 
အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment