Thursday, May 30, 2019

အင်းလေးကန် ရေခန်းခြောက်မှုမှကာကွယ်ရန် အကူအညီများလိုအပ်


နှစ်စဉ် နွေရာသီတိုင်း ကြုံတွေ့နေရသော အင်းလေးကန် ရေခန်းခြောက်မှုမှကာကွယ်နိုင်ရန် ဘက်ဟိုးယာဉ် ၂ စီးဖြင့် နာရီ ၄၅၀ ခန့် မြေသားဖော်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် Save The Inle Lake အဖွဲ့ထံမှ သိရသည်။ 
“သဘာဝ ရေထိန်းပျက်စီးသွားတဲ့နေရာ ၅ နေရာကို ၂၀၁၅ မှာ ကျွန်တော်တို့ စလုပ်တယ်။ မိုးရာသီကျရင် ရေထိန်းမယ့် တာဘောင်သဘောမျိုးလည်းဖြစ်၊ နွေရာသီကျရင် ရွာချင်းဆက်တဲ့လမ်းသဘောမျိုးလည်း ဖြစ်အောင်ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့ စလုပ်ခဲ့တဲ့သဘောပါ။ မိုင်းပျူးကနေ ကံကောင်းအထိကို ကျွန်တော်တို့ တစ်ဘောင်လုပ်လိုက်တယ်။ မိုးဗြဲ၊ ဖယ်ခုံဘက်ကိုထွက်တဲ့ အင်းလေးကန်ရဲ့ အကျဉ်းဆုံးရေထွက်ပေါက် ပေ ၁၈၀ နေရာမှာ အမြင့် ၆ ပေနဲ့ ပေ ၈၀ ဘောင်လုပ်လိုက်တယ်”ဟု Save The Inle Lake အဖွဲ့ အတွင်းရေးမှူး ဦးညီညီထွန်းက ပြောကြားသည်။ 
ယင်းအဖွဲ့သည် အင်းလေးကန် ရေ ခန်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် အင်းလေးဒေသ၏ စကေးကိုက် ပုံစံငယ်အား ၂၀၁၅ ခုနှစ်တွင် ကျပ်သိန်း ၅၀ ခန့် အကုန်ခံကာ ပညာရှင်များနှင့်အတူ ရေးဆွဲခဲ့ပြီး မည်သို့ဆောင်ရွက်ရမည်ကို လက်တွေ့စမ်းသပ်ပြီး ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ 
ဘောင်များထပ်မံပြုလုပ်ရန် နေရာသုံးခုကျန်ရှိနေပြီး အင်းလေးဖောင်တော်ဦးဘုရားဘက်ရှိ ကျိုင်းခမ်းကျေးရွာနှင့် ပန်းကန်ရွာမှ ကျောက်တိုင်ဈေးဘက်သို့သွားသော လမ်းပုံစံနှင့် အင်းလေးကန် ထွက်ပေါက်အကျဉ်းဆုံး ပေ ၁၈၀ ကို ဖို့ထားခဲ့ပြီး ပေ ၈၀ ဘောင်၏ အောက်ဘက်တွင် ထပ်မံပံ့ပိုးပေးနိုင်မည့် တာဘောင်တစ်ခုတို့ ပြုလုပ်ရန်ကျန်ရှိနေကြောင်း ယင်းလုပ်ငန်းများပြီးစီးပါက ဘီလူးချောင်းတွင်လည်း ရေစီးသန်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 
ယခုနှစ်နွေရာသီတွင် အင်းလေးကန်ရေမျက်နှာပြင်သည် ယမန်နှစ် နွေရာသီကထက် ၂ ပေခန့်နိမ့်ကျခဲ့ကြောင်း၊ ရေပေါ်ကျေးရွာ ၁၇၀ ရှိ စက်လှေလမ်းကြောင်းများ ပျက်ခဲ့ရပြီး ရွာ ၃၀ ကျော် တွင် ရေခန်းခြောက်မှုဒဏ်ကို ပိုမိုခံစားခဲ့ရကြောင်း ဒေသခံလူထုနှင့် Save The Inle Lake အဖွဲ့တို့ထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment