Wednesday, May 29, 2019

ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်


ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။ 
“ဇွန်လပထမပတ် ၁၀ ရက်မှာတော့ သင်္ချာပုံစံပြု မော်ဒယ်တွက် ထုတ်ချက်အရတော့ မုန်တိုင်းမဖြစ်နိုင်သေးဘူး။ ဒုတိယ ၁၀ ရက်ပတ်မှာတော့ မုတ်သုံကလည်း အားမကောင်းနိုင်တဲ့ အတွက်ကြောင့် လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းဖြစ်နိုင်တယ်။ ဇွန်လမှာ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းဖြစ်ရင်တော့ မြန်မာနိုင်ငံဘက်ကို ဦးမတည်ဘူး။ အိန္ဒိယဘက်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားတာများတယ်။ မြန်မာနိုင်ငံဘက်ကို ဦးမတည်ပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် ပြည်တွင်းကို မဝင်ပေမဲ့ မြန်မာကမ်းရိုးတန်း နားကနေ ထောင်တက်ပြီးတော့ အခြားကိုသွားတဲ့ မုန်တိုင်းတွေလည်း ရှိတယ်။ မိုးက မြန်မာနိုင်ငံဘက်မှာ အများအပြား ရွာတဲ့အတွက် ဒါမျိုးတွေကိုတော့ သတိပြုရမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ 
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လပတ် မိုးလေဝသ ခန့်မှန်းချက်တွင် အနောက်တောင် မုတ်သုံလေသည် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ လည်းကောင်း၊ ဇွန် ၆ ရက်မှ ၁၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့ လည်းကောင်း အသီးသီး ဝင်ရောက်နိုင်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ‌ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။ 
ဇွန်လအတွင်း မိုးရွာသွန်းနိုင်မှုအခြေ အနေသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။ 
လက်ရှိအချိန်တွင်လည်း အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မုတ်သုံဝင်ရောက်သည့် အချိန်ကာလများတွင် မိုးတိမ်တောင် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားကာ မိုးကြိုးပစ်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment