Friday, May 31, 2019

လက်ရှိတွင် ပင်စင်စားဦးရေ ကိုးသိန်းခန့်ရှိပြီး ပင်စင်အသုံးစရိတ် ကျပ်ဘီလျံ ၁၀၀၀ ကျော် သုံးစွဲလျက်ရှိပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပင်စင်စားဦးရေ ကိုးသိန်းခန့်ရှိပြီး ပင်စင်အသုံးစရိတ် ကျပ်ဘီလျံ ၁၀၀၀ ကျော် သုံးစွဲလျက်ရှိပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော် စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ ၀ါမောင်က ပြောကြားသည်။ 
“ပင်စင်လစာအသုံးစရိတ်က နိုင်ငံတော်မှာ လောလောဆယ် ပင်စင်စားဦးရေ ကိုးသိန်းလောက်ရှိပါတယ်။ အသုံးစရိတ်က ပင်စင်လစာတွေ မတိုးမြှင့်ခင်တုန်းက ၇၃၆ ဘီလျံလောက်ရှိခဲ့ပါတယ်။ တိုးမြှင့်ပင်စင်ကြောင့်မို့ ဘီလျံ ၁၀၀၀ ကျော်လောက် သုံးစွဲ တယ်ပေါ့။အခွန်ရငွေရဲ့ ခြောက်ပုံတစ်ပုံက ပင်စင်အသုံးစရိတ်အနေအထားမျိုး ဖြစ်ပါတယ်။ အစိုးရရဲ့ စုစုပေါင်းအသုံးစရိတ်က ၁၀ ရာခိုင်နှုန်းလောက် ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပြောကြားသည်။ 
ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စားများ၏ အငြိမ်းစားလစာကို လက်ရှိဝန်ထမ်းများ ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစား ခွင့်ပြုခဲ့ကြောင်း၊ ပင်စင်လစာနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စနစ်တစ်ခု ပေါ်လာစေရန် ထည့်ဝင်ကြေးစနစ်နှင့် အကျိုးခံစားခွင့်ပြုသည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund CPF) ကို ထူထောင်သွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။ 
အစိုးရအနေဖြင့် ပင်စင်အသုံးစရိတ်နှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန်စဉ်းစားပြီး ပင်စင်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ရေးဆွဲလျက်ရှိသည်။ 
“ကြီးလေးတဲ့တာဝန်ကို နိုင်ငံတော်အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာ စဉ်းစားပြီး ပင်စင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ရေးဆွဲလျက်ရှိပါတယ်။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲတဲ့အခါမှာ Central Provident Fund လို့ခေါ်တဲ့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေကိုလည်း ထူထောင်သွားပါမယ်။ ဒီ Fund ထူထောင်ပြီးရင် ဒီ Fund နဲ့ ပင်စင်ပေးဖို့ရာအတွက် ရန်ပုံငွေအတိုးအပွားနဲ့ရှာဖွေမယ့် အစီအစဉ်မျိုးပေါ့၊ ဒါတွေရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဝန်ထမ်းတွေက လစာရဲ့ အချိုးအစားတစ်ခုကို ထည့်ဝင်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ သို့သော်လည်း အခုစဉ်းစားနေတဲ့ မော်ဒယ်ပုံစံ အမျိုးမျိုးရှိပါတယ်။ ဒီလိုမော်ဒယ်အမျိုးမျိုးစဉ်းစားရာမှာ လတ်တလောအနေအထားမှာ စနစ်ဟောင်းအတိုင်းပဲသွားမယ့် Group တွေရှိတယ်။ စနစ်သစ်အတိုင်းသွားမယ့် Group တွေရှိတယ်။ စနစ်သစ်အတိုင်းပဲဆိုတဲ့နေရာမှာ အခုလောလောဆယ်မှာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဗဟိုဥပဒေကို ပြုစုလျက်ရှိပါတယ်” ဟု ဒေါက်တာဝါဝါမောင်က ဆက်လက်ပြောကြားသည်။ 
အဆိုပါဥပဒေကို လက်ရှိအစိုးရသက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအချိန်တွင် ပထမမူကြမ်းထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။         

Eleven Media Group

0 comments:

Post a Comment