Thursday, May 30, 2019

မြန်မာနိုင်ငံတွင် ကလေးများ အရွယ်မတိုင်မီ အိမ်ထောင်ကျနှုန်း ၁၁ ရာခိုင်နှုန်းကျော် ရှိနေပြီး ပဋိပက္ခနှင့် စစ်ပွဲဒေသရှိ ကလေးများကို အကာအကွယ်ပေးရန် လိုအပ်နေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ


မြန်မာနိုင်ငံတွင် ကလေးများ အရွယ်မရောက်မီ အိမ်ထောင်ကျနှုန်း ၁၁ ရာခိုင်နှုန်းကျော်ရှိနေပြီး ပဋိပက္ခနှင့် စစ်ပွဲဒေသရှိ ကလေးများကို အကာအကွယ်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း Save The Children ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် အရွယ်မရောက်မီ အိမ်ထောင်ကျနှုန်း ၁၁ ဒသမ ၉ ရာခိုင်နှုန်းသည် မြင့်မားနေသေးကြောင်း Save The Children က ဖော်ပြထားသည်။ 
လွန်ခဲ့သည့် အနှစ် ၂၀ တွင် ကလေးသူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း၊ ပညာသင်ကြားခွင့်၊ အာဟာရပြည့်ဝမှုနှင့် အကာအကွယ်ပေးခံရမှု၊ ကလေးလုပ်သားနှင့် အသက်မပြည့်မီ အိမ်ထောင်ကျခြင်း ကဏ္ဍများတွင် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့် တိုးတက်မှု ရလဒ်များ ရှိသော်လည်း ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းသည် ကလေး ၁၀၀၀ တွင် ၄၈ ဒသ မ ၆ ဦး သေဆုံးနေခြင်း၊ ကလေးပုညှက်နှုန်းမှာ ၂၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကလေးသူငယ် ကျောင်းထွက်နှုန်း ၁၈ ဒသမ ၈ ရာခိုင်နှုန်း စသည့်အချက်များသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကလေးသူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာများ ဖြစ်နေကြောင်း Save The Children က ထုတ်ပြန်ခဲ့သည်။ 
“ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းဖြင့် ကလေးသူငယ်တွေအပေါ် ညှဉ်းပန်းနှိပ်စက် ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ် ထုတ်ခြင်းနဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကာကွယ်တုံ့ပြန်ဆောင်ရွက်ရမယ့် တာဝန်ကို အစိုးရ အနေနဲ့ ထင်ထင်ရှားရှား အသိအမှတ် ပြုလိုက်ခြင်း ဖြစ်ပါတယ်” ဟု Save The Children ၏ Country Director ဖြစ်သူ Michael Mc Grath က ပြောကြားသည်။ 
ပဋိပက္ခ ဖြစ်ပွားသည့် နေရာများသည် ကလေးသူငယ်များ အတွက် အန္တရာယ်ရှိသော နေရာများဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများ က ယင်းနေရာများတွင် ကလေးသူငယ်များ ကို အကာအကွယ်ပေးရန် ဦးစားပေးဆောင်ရွက်ရန် အရေးတကြီး လိုအပ်ကြောင်း Michael Mc Grath က ပြောကြားသည်။ 
“ပဋိပက္ခနဲ့ စစ်ဘေးဒဏ်သင့် ဒေသတွေ မှာ နေထိုင်နေရတဲ့ ကလေးသူငယ်တွေဟာ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ပိုပြီး ကြီးကြီးမားမားကြုံတွေ့နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ကလေးတွေရဲ့ ပညာရေးမှာ မကြာခဏ ထိခိုက်မှုတွေရှိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ရရှိမှုမှာလည်း ပိုပြီးခက်ခဲပါတယ်” ဟု Michael Mc Grath က ပြောကြားသည်။ 
စစ်ပွဲပဋိပက္ခဒေသရှိ ကလေးများအကာ အကွယ်ပေးနိုင်ရန် အစိုးရ၏ ကော်မတီအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ်စောင့် ကြည့်လေ့လာရေး အထူးတာဝန်အဖွဲ့များနှင့် ပူးပေါင်းပြီး အမြန်ဆုံး အကာအကွယ်ပေးရန်၊ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို အကာအကွယ်ပေးနိုင်ရန်နှင့် စစ်ပွဲကြောင့် ကလေးများ၏ ပညာရေး ရပ်တန့်မသွားစေရန် အစိုးရအနေဖြင့် စာသင်ကျောင်းများ ဘေးကင်းလုံခြုံရေး ကြေညာချက်တွင် လက်မှတ်ထိုးရန်၊ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အစိုးရ၏ အမျိုးသားရေး မဟာဗျူဟာနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို တန်ဖိုးထားပြီး ဖြည့်ဆည်းပေးသည့် နေရပ်စွန့်ခွာမှု ပြဿနာကို ရေရှည်ကုစားဖြေရှင်း ပေးနိုင်မည့် နည်းလမ်းဖြစ်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း Save The Children က တိုက်တွန်းထားသည်။ 
စစ်ပွဲပဋိပက္ခကြောင့် ကလေးသူငယ်များ အကာအကွယ်မဲ့နေသော နိုင်ငံများတွင် တောင်ဆူဒန်၊ ဆူဒန်၊ ယူကရိန်း၊ ယီမင်၊ ကွန်ဂို၊ ဘူရန်ဒီ၊ အီရတ်၊ ဗဟိုအာဖရိကနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပါဝင်သည်။ 

Eleven Media Group

0 comments:

Post a Comment