Thursday, May 30, 2019

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေ့ရှ်လေယာဉ်၏ Black Box ကိုစစ်ဆေးရန် မြန်မာအဖွဲ့ ဇွန် ၈ ရက်တွင် သြစတြေးလျသို့ သွားရောက်မည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေရှ့် လေကြောင်းလိုင်း လေယာဉ်၏ Black Box အားစစ်ဆေးရန် မြန်မာအဖွဲ့ ဇွန် ၈ ရက်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
“အခုလက်ရှိမှာတော့ ဌာနအနေနဲ့ Aircraft Investigation board ဖွဲ့စည်းပြီး accident, incident စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ result ကတော့ အခုချက်ချင်း မထွက်သေးဘူး။ အခုအကြမ်းဖျင်း သုံးသပ်ချက်ကတော့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်လေးလည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်။ ဒါကတော့ တကယ်တမ်း စုံစမ်းစစ်ဆေးမှုတွေ ရလဒ်ထွက်လာတဲ့အခါမှ အတိအကျ ပြောလို့ရပါမယ်။ ကျွန်တော်တို့ အခု Investigation Board ရဲ့ စစ်ဆေးမှု ပြီးသွားတဲ့အခါမှာ ထွက်လာတဲ့ ရလဒ်အပေါ်မူတည်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်လေကြောင်း အာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ညှိနှိုင်းဆွေးနွေးဖို့ရှိတယ်။ လာမယ့် ဇွန် ၈ ရက်နေ့မှာတော့ လေယာဉ်ရဲ့ Black Box ကို စစ်ဆေးဖို့အတွက် မြန်မာအဖွဲ့က သြစတြေးလျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က မေ ၂၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေ ၈ ရက် ညနေ ၆ နာရီ ၅၂ မိနစ်ခန့်က Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့၍ လေယာဉ်တောင်ပံကျိုးကာ ကိုယ်ထည်တွန့်ခေါက် ပျက်စီးခဲ့ပြီး လေယာဉ်အမှုထမ်းများ အပါအဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ 
လေယာဉ်မတော်တဆမှုကြောင့် ဒဏ်ရရှိသူများမှာ လေယာဉ်အမှုထမ်း ငါးဦးနှင့် ခရီးသည် ၁၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။ 
ထိုသို့ လေယာဉ်မတော်ဆမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်တွင်းပြည်ပ လေကြောင်း လိုင်းများမှ လေယာဉ်များနှင့် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များသည် အတက်အဆင်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ထားခဲ့ပြီး ည ၉ နာရီတွင် လေယာဉ်ပြေးလမ်းအား ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ လေယာဉ်မှာ ခရီးစဉ်အမှတ် BG 060 ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာခြင်းဖြစ်ကာ လေယာဉ်အမှုထမ်းခြောက်ဦး၊ ခရီးသည် ၂၈ ဦး (ရင်ခွင်ပိုက်တစ်ဦး) စုစုပေါင်း ၃၄ ဦး ပါဝင်ကြောင်း သိရသည်။    

Eleven Media Group 

0 comments:

Post a Comment