Friday, May 31, 2019

အမေရိကန်နှင့် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးနှစ်ဦး တွေ့ဆုံ


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို ရောက်လာတဲ့ အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန်ဟာ မေလ ၃၀ ရက်နေ့က အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ရီယာမစ်ဇဒ် ရီယာကူဒူနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
အမေရိကန်ဟာ အင်ဒိုနီးရှား အထူးတပ်ဖွဲ့နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ သုံးသပ်နေချိန်မှာ ပက်ထရစ် ရှန်နာဟန် ဂျကာတာကို ရောက်လာခဲ့တာပါ။ 

အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဟာ ၁၉၉၀ ပြည့်နှစ်တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် ကန့်သတ်ခံထားရတာပါ။ 

အခုခရီးစဉ်မှာ ပက်ထရစ် ရှန်နာဟန် အနေနဲ့ အမေရိကန်က အင်ဒိုနီးရှား အထူးတပ်ဖွဲ့အပေါ် ဆက်ဆံရေး ကန့်သတ်ထားတာ ပြန်ဖြေလျော့ပေးဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။ 

Kopassus လို့ လူသိများတဲ့ အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဟာ အရှေ့တီမောနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ 

ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ အမေရိကန်က အဲဒီအထူးတပ်ဖွဲ့နဲ့ ဆက်ဆံရေး ပိတ်ပင်ထားတာကို ပြန်ဖြေလျှော့လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ 

အမေရိကန်ဟာ အင်ဒိုနီးရှား အထူးတပ်ဖွဲ့နဲ့ ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်ဖို့နဲ့ ၂၀၂၀ ခုနှစ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ သုံးသပ်သွားမယ်လို့ အမေရိကန်-အင်ဒိုနီးရှား ပူးတွဲ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အမေရိကန်ဟာ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment