Friday, May 31, 2019

ဦးဝီရသူကိုဖမ်းပြီးနောက် နောက်ဆက်တွဲပြဿနာများဖြစ်မလာရန် မူဝါဒရှိပြီးဖြစ်ဟု ဦးဇော်ဌေးပြော


နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးဝီရသူကို ဖမ်းဆီးပြီးနောက်ပိုင်း နောက်ဆက်တွဲပြဿနာများ အဖြစ်ပေါ်စေရန် မူဝါဒရှိပြီးဖြစ်ကြောင်း မေလ ၃၁ ရက်က နေပြည်တော်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကပြောကြားသည်။ 
"မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နဲ့ သာသနာရေးနဲ့ ကျွန်တော်တို့ ပြောတယ်။ အဓိက လုပ်ထုံးလုပ်နည်းပေါ့နော်။ သာသနာရေးကတော့ သံဃမဟာနာယက စည်းမျဉ်းစည်းကမ်းအတိုင်း သတိပေးတာ သပ်သပ်။ ဟိုဘက်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်တာ အုပ်ချုပ်ရေးက လုပ်တာဖြစ်တယ်။ မတူပါဘူး။ အခုအမှုဖွင့်ထားပြီပေါ့။ ဝရမ်းလည်းထုတ်ထားတယ်။ သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုက်သွားဖို့ရှိပါတယ်" ဟု ၎င်းက ဆိုသည်။ 
လက်ရှိဖမ်းဝရမ်းထုတ်ခံထားရသူ ဦးဝီရသူကို လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည့်ဟုလည်း ဦးဇော်ဌေးက ပြောဆိုခဲ့သည်။ 
ဦးဝီရသူသည် မေလ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ပြုလုပ်သည့် အခြေခံဥပဒေထောက်ခံပွဲအခမ်းအနားတွင် ဟောပြောခဲ့မှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နှင့် အမှုဖွင့်ခံထားရသူဖြစ်ပြီး ယင်းပုဒ်မ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ နှစ် ၂၀ အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။ 
နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁နာရီက နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်ခဲ့ပြီး ယနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ် သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပါဝင်သည်။


News Watch 

0 comments:

Post a Comment