Wednesday, May 1, 2019

တရုတ်တွင် ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၁၀၀ ဦးကို ပြန်လွှဲ


တရုတ်နိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရသူ မြန်မာအလုပ်သမား ၁၀၀ ဦးကို ဧပြီလ ၂၉ ရက်နေ့ ညနေက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရွှေနန်းတော်ဂိတ်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၇ မှ တာဝန်ခံအရာရှိ ဦးစောဝင်းလွင်က ပြောကြားသည်။ 
အဆိုပါလွှဲပြောင်းပေးသူ ၁၀၀ ဦး မှာ အမျိုးသား ၉၃ ဦးနှင့် အမျိုးသမီး ၇ ဦး ဖြစ်ကြောင်း၊ မူဆယ်မြို့၊ နှစ်နိုင်ငံ ဝင်ထွက်ပေါက်ဖြစ်သည့် ရွှေနန်းတော်ဂိတ်၌ လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းလွှဲပြောင်းမှုကို မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ အမှတ် (၇) ရွှေလီနယ်စပ်ကာကွယ်စုံစမ်းစစ်ဆေးရေး ဌာနခွဲတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ရွှေလီပြည်ဝင်ပြည်ထွက် နယ်စပ်ကာကွယ် စုံစမ်းစစ်ဆေးရေး ကွပ်ကဲကြီးကြပ်မှုဌာနက လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်သမားများမှာ တရုတ်နိုင်ငံဘက်ရှိ စက်ရုံအလုပ်ရုံများနှင့် စိုက်ခင်းကြီးများတွင် သွားရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး အချို့မှာလည်း မူဆယ်နမ့်ခမ်းမြို့များမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ နေ့ချင်းပြန် သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကုန်စည်ကူးသန်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ 

အဆိုပါမြန်မာနိုင်ငံသား အလုပ်သမားများမှာ ယင်းနေ့ညနေပိုင်း၌ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၇ ထံမှ သိရသည်။

The Voice

0 comments:

Post a Comment