Tuesday, June 2, 2015

ဗီဒီယို အကြိုခံစားခြင်း - ဝေ့လည်ကြောင်ပတ်




ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဟာသ ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။မော်ကွန်းထင်က မူးရင် အမြဲငိုလေ့ရှိတာကြောင့် သူ့သူငယ် ချင်းတွေက အားမရပါဘူး။ မော်ကွန်းထင်မှာ သူအရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ကောင်မလေးရဲ့ နာမည်က တော် ၀င်သူပါ။ ဒါပေမဲ့လည်း တော်ဝင်သူက နိုင်ငံခြားပြန်တစ်ဦးနဲ့ တွေ့ပြီး မော်ကွန်းထင်ကို သစ်စိမ်းချိုးချိုးထားခဲ့ပါတယ်။

တော်ဝင်သူနဲ့ ပြတ်တဲ့နေ့မှာပဲ မော်ကွန်းထင်အရက်မူးပြီး ငိုနေတဲ့ အချိန်စာရေးဖို့ ကုန်ကြမ်းရှာနေတဲ့ စာရေးဆရာမတစ် ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ စာရေးဆရာမရဲ့ နာမည်က နွဲ့ယိမ်း ခင်ပါ။ နွဲ့ယိမ်းခင်က ယောက်ျားတစ်ယောက်ငိုတာကို ဒီတစ်ခါပဲ တွေ့ဖူးတယ်ဆိုပြီး ဘာအကူအညီပေးရမလဲလို့ မေးခဲ့ပါတယ်။ ချစ်သူပစ်ထားခဲ့လို့ ငိုတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒါကြောင့် မော်ကွန်းထင်ကို နွဲ့ယိမ်းခင်က စာရေးဖို့အတွက် သူတို့ချစ်သူနှစ်ယောက်ရဲ့ အကြောင်းကို ပြောပြခိုင်းခဲ့ပါတယ်။ နွဲ့ယိမ်းခင်ပြောတာကို ကြားပြီးတဲ့နောက်မှာတော့ မော်ကွန်းထင်က အသည်းကွဲနေတဲ့သူကို အဲဒီလိုပြောခိုင်းရမလားဆိုပြီး အကျယ်ကြီးအော်ငိုပါတယ်။

အဲဒီလိုနဲ့ မော်ကွန်းထင်နဲ့ နောက်တစ်ကြိမ်ပြန်တွေ့ချိန်မှာ တော့ နွဲ့ယိမ်းခင်က မော်ကွန်းထင်ကို သူ့အကြောင်း ၀တ္ထုရေးရင် သူ့ချစ်သူစိတ်ပြန်လည်လာနိုင်တယ်လို့ ပြောဆိုသိမ်းသွင်းခဲ့ပါတယ်။

အဲဒါကြောင့် မော်ကွန်းထင်လည်း သဘောကျပြီး သူနဲ့တော်ဝင်သူတို့ အကြောင်း နွဲ့ယိမ်းခင်ကို ပြောပြခဲ့ပါတယ်။

အဲဒီအချိန်မှာ တော်ဝင်သူက သူနဲ့ စေ့စပ်ထားတဲ့ ကောင်လေးက နောက်ကောင်မလေးတစ်ယောက်နဲ့ တွေ့နေတာ ကြောင့် စိတ်ဆိုးပြီး မော်ကွန်းထင်ကို ပြန်ဆက်ခဲ့ပါတယ်။

မော်ကွန်းထင်ကို သူစေ့စပ်ခဲ့တဲ့သူကိုမချစ်ဘဲ မိဘတွေကြောင့် လက်ခံခဲ့တာ လို့ ပြောခဲ့တာကြောင့် မော်ကွန်းထင်က တော်ဝင်သူကို အသနားပိုခဲ့ပါတယ်။ အဲဒါကြောင့် နွဲ့ယိမ်းခင်ကို မော်ကွန်းထင်က ဆက်သွယ်ပြီး ၀တ္ထုထဲမှာ တော်ဝင်သူကို ဗီလိန်ဖြစ်အောင် မရေးပါနဲ့လို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါပေမဲ့လည်း တော်ဝင်သူက သူစေ့စပ်ထားတဲ့ သူနဲ့ ပြန်အဆင်ပြေသွားတဲ့အချိန်မှာတော့ မော်ကွန်းထင်ကို ထားသွားခဲ့ပြန်ပါတယ်။ အဲဒါကြောင့် နွဲ့ယိမ်းခင်ကပဲ ဖြေသိမ့်ပေးခဲ့ရပါတယ်။ နွဲ့ယိမ်းခင်က မော်ကွန်းထင်ကို ဘာကြောင့်အကူအညီတွေပေးနေရတာလဲ။

တော်ဝင်သူကကော သူ့ကို အရမ်းချစ်တဲ့ မော်ကွန်းထင်ဆီကို ပြန်လာမှာလားဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးကနေ ဇွန်လ ၁၀ ရက်မှာ စတင်ဖြန့်ချိပေးမယ့် ဝေ့လည် ကြောင်ပတ်ဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မော်ကွန်းထင်အဖြစ် မြင့်မြတ်နဲ့ နွဲ့ယိမ်းခင်အဖြစ် ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပါတယ်။


7Day Daily

0 comments:

Post a Comment