Thursday, June 4, 2015

အပစ်ရပ်လက်မှတ်ထိုးရာတွင် စစ်သည်တော် ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးပါဝင်ရန် အကြံပြု


လော်ခီးလာထိပ်သီးအစည်းအဝေးကို ဇွန်လ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် စစ်သည်တော်ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းရေးကိုပါ တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးသွား ရန် လော်ခီးလာထိပ်သီးအစည်းအဝေး၌ အကြံပြုတင်ပြခဲ့သည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာ ချုပ် (NCA) မူကြမ်းကို အစိုးရနှင့် ပမာဏအဆင့် လက်မှတ်ရေးထိုး ရာ၌ စစ်သည်တော်ကျင့်ဝတ် (Military Code of Conducts) နှင့် နှစ်ဖက်ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) များကို အသေးစိတ် ဆွေးနွေးသဘောတူထားခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးရန် သဘောတူထားခြင်းဖြစ်သည်။

NCA မူကြမ်းကို သုံးသပ် ဆွေးနွေးနေသည့် လော်ခီးလာ ထိပ်သီးအစည်းအဝေးတွင် တပ် နေရာချထားရေးအပါအ၀င် စစ် သည်တော်ကျင့်ဝတ်နှင့် ပူးတွဲ ကော်မတီကိုပါ အသေးစိတ်ဆွေး နွေးပြီး NCA လက်မှတ်ရေးထိုးရာတွင် ထည့်သွင်းသင့်သည်ဟု အကြံပြုမှုများရှိကြောင်း NCCT ခေါင်းဆောင်နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂ ရက်မှစ၍ KNU ထိန်းချုပ်နယ်မြေတွင် ပြုလုပ်နေခြင်း ဖြစ်သည်။ အစည်းအဝေး ပထမနှစ်ရက်တွင် NCA မူကြမ်းအပေါ် တစ်ဖွဲ့ချင်းစီ၏ သဘောထား များကို တင်ပြခဲ့သည်။

NCA နောက်ဆုံးလက်မှတ် ရေးထိုးရာတွင် အဖွဲ့အားလုံး ပါ ၀င်ခြင်း ရှိ၊ မရှိ အစည်းအဝေး၌ ဆက်လက်ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။

‘‘ဒီနေ့မှ ဒါတွေကို ပြန်ဆွေး နွေးမယ်။ သုံးသပ်မယ်။ ဆုံးဖြတ် ပေးဖို့ ဒီနေ့ပြီးရင် ပြီးမယ်။ ဒီနေ့ မပြီးရင် မနက်ဖြန်ပေါ့။ အဆုံးအဖြတ်ပေးရမယ့် အပိုင်းဖြစ်တယ်လေ။ ဆုံးဖြတ်ပေးရမယ့် အပိုင်းတွေက တချို့ဟာတွေလည်း ရှိပါသေးတယ်’’ ဟု နိုင်ဟံသာက ဇွန်လ ၄ ရက် အစည်းအဝေးမတိုင်မီ ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက် ရေးပါတီ( KNPP) ဥက္ကဋ္ဌ ခွန်အေဘယ်တွိဒ်က ညီလာခံတတိယနေ့အဖွင့်အမှာစကားတွင် အတိတ်ကို သင်ခန်းစာယူပြီး တိုင်းရင်းသားများ စည်းလုံးရန် လိုအပ်ကြောင်း ပြောကြားသည်။

‘‘ယနေ့ အချိန်ကာလကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင် သဘောမျိုးတွေရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပညာပြတဲ့ ပုံစံမျိုးဖြစ်ကြတော့ ကျွန်တော်တို့ ရည်မှန်းချက်ပန်း တိုင်ရောက်ဖို့အတွက်က တော့ အင်မတန် ခဲယဉ်းပါတယ်’’ဟု ၎င်းကပြောကြားသည်။

7Day Daily

0 comments:

Post a Comment