Friday, June 5, 2015

ဥရောပရဲ့ သရဖူလုပွဲ By


ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲဆိုတာ ကမ္ဘာ့ဘောလုံး ပရိသတ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ဆုံးပွဲစဉ်တစ်ခုဆိုတာ အငြင်းပွားစရာ မလိုပါဘူး။ ဒီနှစ်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ ပိုပြီးထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာတဲ့ နှစ်သင်းစလုံးဟာ ဘောလုံးရာသီတစ်ခုတည်းမှာ အဓိကဆုဖလားသုံးလုံးဆွတ်ခူးရယူရေးဆိုတဲ့ တူညီတဲ့ရည်မှန်းချက်မျိုး ရှိနေလို့ပါပဲ။ ဒါ့အပြင် ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ဟာ ရာသီအစပိုင်းမှာ ဘောလုံးပရိသတ်တွေရဲ့ လျှော့တွက်မှုခံရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ပြီး ပြည်တွင်းအောင်မြင်မှုတွေကို သိမ်းကျုံးယူပြခဲ့သလို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ချန်ပီယံဆုကို သိမ်းပိုက်ဖို့ လက်တစ်ကမ်းအလိုထိ တူတူညီညီလျှောက်လှမ်းနိုင်ခဲ့သူတွေဖြစ်ပါတယ်။ဗိုလ်လုပွဲသို့ ချီတက်ခြင်း
ဇွန်လ၆ရက် ဘာလင်မြို့တော်က ဗိုလ်လုပွဲကို ချီတက်ဖို့အတွက် ဘာစီလိုနာရော ဂျူဗင်တပ်ပါ အကောင်းဆုံးစွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ပဲရစ်စိန့်ဂျာမိန်း၊ အေဂျက်စ်အမ်စတာဒမ်နဲ့ အေပိုရယ်လ် နစ်ကိုရှားတို့ ပါဝင်တဲ့ အုပ်စု (F)မှာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ခဲ့တာပါ။ ဘာစီလိုနာအနေနဲ့ ပီအက်စ်ဂျီကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ကျန်တဲ့ငါးပွဲစလုံးကို အနိုင်ကစားပြခဲ့ပါတယ်။ ရှုံးထွက်အဆင့်ကစပြီး ဘာစီလိုနာရဲ့ ကစားပုံသိသိသာသာ ပိုကောင်းလာပြီး မန်ချက်စတာစီးတီး၊ ပဲရစ်စိန့်ဂျာမိန်း၊ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ရင်း ဗိုလ်လုပွဲထိ ရောက်ရှိခဲ့ပါတယ်။ ဥရောပထိပ်သီး ဘိုင်ယန်ကို နူးကမ့်မှာ ၃-၀ ဂိုးရလဒ်နဲ့ အနိုင်ရလိုက်တဲ့ အချိန်မှာတော့ ဘာစီလိုနာဟာ ပြိုင်ပွဲမှာဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လာခဲ့ပါတယ်။

ဂျူဗင်တပ်ကတော့ အုပ်စုအဆင့်မှာ ဘာစီလိုနာလောက် ထက်ထက်မြက်မြက် လုပ်မပြနိုင်ခဲ့ဘဲ အက်သလက်တီကိုမက်ဒရစ်နောက် အုပ်စု(A)ရဲ့ ဒုတိယအသင်းအဖြစ် နောက်တစ်ဆင့် တက်ခဲ့တာပါ။ ရှုံးထွက်အဆင့်မှာတော့ ဒီရာသီရုန်းကန်နေရတဲ့ ဂျာမန်ကလပ်ဒေါ့မွန်ကို နှစ်ကျော့ပေါင်း ၅-၁ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ကွာတားဖိုင်နယ်မှာ မိုနာကိုအသင်းကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့နောက် အကြိုဗိုလ်လုပွဲ ရောက် လေးသင်းမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ စည်းကမ်းပိုင်းနဲ့ စုစည်းမှုကို အားပြုကစားခဲ့တဲ့ ဂျူဗင်တပ်ဟာ လက်ရှိ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၂ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြပြီး ဘာလင်ကို အရောက်လှမ်းလာနိုင်တာဖြစ်ပါတယ်။

နည်းပြများ၏ ကောက်ကြောင်း
ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်လာတာကို ခဏဘေးဖယ်ထားပြီး ဒီရာသီ ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲတွေနဲ့ ရှုံးထွက်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ခဲ့တယ်ဆိုတာနဲ့တင် ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်ရော ဂျူဗင်တပ်နည်းပြ အယ်လီဂရီပါ လူတော်တွေဆိုတာ မြင်သာနေပါတယ်။ ဒါပေမဲ့ ဒီရာသီအစပိုင်းက သက်ဆိုင်ရာအသင်းတွေကို အသီးသီးကိုင်တွယ်ချိန်မှာ နည်းပြနှစ်ယောက်စလုံးဟာ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်တာကို ခံခဲ့ရပါတယ်။

အင်းနရစ်ဟာ ဆယ်လ်တာဗီဂိုက ပြောင်းရွှေ့လာပြီးတဲ့ နောက် အသင်းကို တည်ငြိမ်အောင် မကိုင်တွယ်နိုင်သေးခင်မှာ ဖိအားတွေအများကြီး ကြုံခဲ့ရဖူးပါတယ်။ ရာသီအစပိုင်းမှာ လီယွန်နယ်မက်ဆီ အပါအဝင် နာမည်ကြီးကစားသမား တချို့ကို အရန်ခုံပို့ခဲ့ခြင်းက သူနဲ့ အသင်းသားတွေကြားမှာ ဆက်ဆံရေး အေးခဲမှုတွေရှိခဲ့ကြောင်း မြင်သာစေခဲ့ပါတယ်။ ဘာစီလိုနာ ဘုတ်အဖွဲ့က အင်းနရစ်ကို ရာထူးက ထုတ်ပယ်လုနီးပါးထိ ဖြစ်ခဲ့သလို ပရိသတ်တွေရဲ့ ထောက်ခံမှုကိုပါ ဆုံးရှုံးသွားပေမယ့် ဒီစပိန်သား နည်းပြဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင် တည့်မတ်နိုင်ခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ဘာစီလိုနာရိုးရာဟန်ကို စွန့်ခွာပြီး တန်ပြန်တိုက်စစ်အားပြုတဲ့ ပုံစံမျိုးဖြစ်လာအောင်၊ခံစစ် မာကျောကျစ်လျစ်လာအောင် ခေါင်းမာမာနဲ့ ပြောင်းလဲခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘာစီလိုနာကစားသမားတွေဟာ အင်းနရစ်ရဲ့ နည်းဗျူ ဟာမှာ အံဝင်လာသလို အသင်းကလည်း ဦးမော့လာတယ်။ ကစားရတဲ့ ပွဲစဉ်တွေ ပိုများလာတာနဲ့အမျှ အသင်းသားတွေ အချိတ်အဆက်မိလာပြီး ဘာစီလိုနာကို ဥရောပရဲ့တန်ပြန်တိုက်စစ်အထက်မြက်ဆုံးအသင်းတစ်သင်း ဖြစ်လာအောင် အင်းနရစ်က ပုံသွင်းပြနိုင်ခဲ့ပါတယ်။

အယ်လီဂရီကတော့ ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီရဲ့လောင်းရိပ်မိခဲ့သူပါ။ ဂျူဗင်တပ်ကို သုံးရာသီဆက်စီးရီးအေဖလားရယူပေးခဲ့တဲ့ကွန်တီအသင်းနဲ့ လမ်းခွဲသွားချိန်မှာ သူ့နေရာကို ဆက်ခံရတဲ့ အယ်လာဂရီအတွက် ဖိအားတွေမတန်တဆ ရှိခဲ့ပါတယ်။ အထူးသဖြင့် အေစီမီလန် နည်းပြဘဝမှာ ရုန်းကန်ခဲ့ရတဲ့ အတိတ်ဆိုးတွေက သူ့အပေါ် ဂျူဗင်တပ်ပရိသတ်တွေရဲ့ သံသယကိုမီးစာဖြည့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကွန်တီတည်ဆောက်ခဲ့တဲ့ အသင်းကို ပိုကောင်းလာအောင် မွမ်းမံနိုင်ခဲ့တယ်။ ညီညွတ်မှုရှိရှိကစားတတ်တဲ့ ဂျူဗင်တပ်ရဲ့ အခြေခံဘောလုံးဒဿနမှာ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို အားဖြည့်အသုံးချနိုင်အောင်လမ်းဖွင့်ပေးခဲ့တယ်။ ဒီလိုနဲ့ ဂျူဗင်တပ်ဟာ မကြာသေးခင်နှစ်ပိုင်းတွေအတွင်း ဥရောပမှ ဂုဏ်အရှိန်အဝါကျဆင်းလာတဲ့ အီတလီကလပ်တွေရဲ့ ပုံရိပ်ကို ပြန်မြှင့်တင်ခဲ့သလို ကလပ်သမိုင်းတစ်လျှောက် တစ်ရာသီတည်းမှာ အဓိကဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးအဆင့်ကို တက်လှမ်းလာပါတယ်။

အကောင်းဆုံး ခံစစ်စုဖွဲ့မှုနှင့် ပြိုင်ဘက်များ


ယေဘုယျအားဖြင့်တော့ ဘာစီလိုနာက တိုက်စစ်အရမ်းကောင်းပြီး ဂျူဗင်တပ်က ခံစစ်ဗျူဟာ ပိုင်နိုင်လွန်းတယ်လို့ ပရိသတ်တွေက ယူဆကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ နှစ်သင်းစလုံးက ခံစစ်အရမ်းကောင်းတဲ့ အသင်းတွေပါ။ လာလီဂါမှာ ဘာစီလိုနာက ပေးဂိုး ၂၁ ဂိုးပဲ ရှိခဲ့ပြီး စီးရီးအေမှာ ဂျူဗင်တပ်က ၂၄ ဂိုးပဲ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ဥရောပ ထိပ်တန်းလိဂ်ငါးခုမှာ ပေးဂိုးအနည်းဆုံး ဒုတိယနဲ့ တတိယစံချိန်ဖြစ်ပြီး ဂျာမန်ချန်ပီယံ ဘိုင်ယန်တစ်သင်းတည်းသာ အဲဒီထက် ပေးဂိုးပိုနည်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ ခံစစ်ဇုန်ကိုကြည့်ရင် နောက်တန်းစုဖွဲ့မှုက အရမ်းကောင်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကွင်းလယ်ကစားကွက်က ပြိုင်ဘက်တွေကို တောက် လျှောက်ခြိမ်းခြောက်နေနိုင်တာ ကြောင့် ခံစစ်သမားတွေက ခုခံမှု တာဝန်ကို ပိုပြီးဝန်ပေါ့စွာနဲ့ ထမ်းဆောင်နိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာအတွက်အဓိက ကစားပေးခဲ့တဲ့ ဂျာမန် ဂိုးသမားလေး တာစတီဂျန်က အတွေ့အကြုံပိုင်း အကောင်းဆုံး မဟုတ်သေးပေမယ့် စိတ်ချရတဲ့ ဂိုးသမားကောင်းတစ်ယောက်ပါ။ ဘာစီလိုနာ ခံစစ်ဟာ ပြိုင်ဘက်ကို ဖျက်ထုတ်ခြင်းနဲ့အတူ တန်ပြန်တိုက်စစ်ကို အစပြုခြင်းဆိုတဲ့ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ပါတယ်။ မြန်နှုန်းအရမ်းမြင့်တဲ့ တောင်ပံခံစစ်သမားတွေက မျက်စိတစ်မှိတ်အတွင်း ပြိုင် ဘက်ဂိုးဧရိယာထိပ်ထိ ဘောလုံးဆွဲယူသွားနိုင်စွမ်းရှိပါတယ်။ ဘာစီလိုနာကွင်းလယ်က ဆာဂျီယိုဘက်ကွက်စ်ဟာ ခံစစ်ဇုန်ကို ကာကွယ်ပေးရာမှာပါးနပ်ပြီး နောက်ခံလူ ဂျရတ်ပီကေးကလည်း ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းရနေပါတယ်။

ဂျူဗင်တပ် ဂိုးပေါက်မှာတော့ ဝါရင့် ဂိုးသမားကြီးဘူဖွန်ရှိနေပြီးစိတ်အချရဆုံး အနေအထားပါ။ ဂျူဗင်တပ်ခံစစ်ကြောင်းဟာ ပွဲအခြေအနေအလိုက် သုံးယောက်တန်း၊ လေးယောက်တန်း ပြောင်းလဲသွားလေ့ရှိပြီး အဲဒီလို နည်းဗျူဟာအလှည့်အပြောင်းအတွက်ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ကြပါတယ်။ အီတလီအသင်းပီပီ ခပ်မာမာ၊ ခပ်ကြမ်းကြမ်း ဖျက်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဒဏ်ရာကြောင့် အဓိကခံစစ်မှူးချီလီနီဗိုလ်လုပွဲနဲ့ လွဲသွားခြင်းကတော့ ဂျူဗင်တပ်အတွက် ထိုးနှက်ချက် တစ်ခုပါ။ သူ့အစား ဒဏ်ရာကသက်သာလာတဲ့ ဘာဇာဂလီဝင်ကစားဖို့ ရှိနေပါတယ်။


အားသာချက် ကိုယ်စီနဲ့ ကွင်း လယ်
ဗိုလ်လုပွဲရောက် နှစ်သင်းရဲ့ ကွင်းလယ်စုဖွဲ့မှုတွေက လုံးဝပုံစံကွဲပါတယ်။ ဘာစီလိုနာ ကွင်းလယ်ဟာ ခံစစ်ကဘောလုံးကို ဖြတ်တောက်ပြီးတာနဲ့ တိုက်စစ်ကို အစပျိုးဖို့ အမြဲတမ်းနိုးကြားနေလေ့ ရှိပါတယ်။ အထူးသဖြင့် ရာကီတစ်ရဲ့ ဒီရာသီခြေစွမ်းဟာအလျှံညီးညီးတောက်ပနေပြီး အသင်းရဲ့ ကစားပုံတစ်ခုလုံးကို မောင်းနှင်ပေးနေပါတယ်။ ကွင်းလယ်ခံစစ်က ဘက်ကွက်စ်ရဲ့ ဖျက်အားကလည်း ရာကီတစ်အတွက် တိုက်စစ်ကို စိတ်တိုင်းကျလိုက်ကစားနိုင်ဖို့ အထောက်အပံ့ပေးနေပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းတွေက ရာကီတစ်ကို ပိတ်ဆို့ထားလိုက်နိုင်ရင် ဘာစီလိုနာ အလယ်တန်းရဲ့ စွမ်းဆောင်ရည်ကျသွားနိုင်တာကို သတိထားရပါမယ်။

ဂျူဗင်တပ်ရဲ့ ကွင်းလယ် စုဖွဲ့မှုမှာတော့ မာဂုဏ်၊ ကစားအားနဲ့ ညီညွတ်မှုတွေကို အမှတ်ပြည့်ပေးရပါလိမ့်မယ်။ ကွင်းလယ်ရဲ့ အသက်ဟာ ဝါရင့်အီတလီသားကြီး အန်ဒရီယာပီယာလိုပါ။ ဂျူဗင်တပ်ရဲ့ တိုက်စစ်ဖြန့်ဝေမှု အားလုံးနီးပါးဟာ ပီယာလိုဆီက အစပြုပါတယ်။ အသက်အရွယ်အရ ပီယာလို အနေနဲ့ လှုပ်ကစားနိုင်စွမ်း သိပ်မရှိတော့တာကို ပေါ့ဂ်ဘာ၊ ဗီဒဲလ်တို့ရဲ့ ကစားအားနဲ့ ဖာထေးပေးထားပါတယ်။ ဗီဒဲလ်ဟာ ခံစစ်တောင်ပံတွေထိ လိုက်ကူပြီး ကစားပေးနိုင်သူပါ။က လော်ဒီယို မာချီစီယိုကလည်း ဘာစီလိုနာရဲ့ ကွင်းလယ်ကို ပိတ်ဆို့ရာမှာ နည်းပြအယ်လာဂရီအတွက် အသုံးအဝင်ဆုံး လက်နက်ပုန်းတစ်ခု ဖြစ်လာနိုင်ပါသေးတယ်။

စပိန်ဘက်ယိမ်းတဲ့ တိုက်စစ်ချိန်ခွင်လျှာ
ကျန်တဲ့အပိုင်းတွေမှာ နှစ်ဖက်ကြားကွာဟချက် သိပ်မသိသာပေမယ့် MSNလို့ လူသိများတဲ့ ဘာစီလိုနာသုံးယောက်တန်း တိုက်စစ်အတွဲကတော့ ဂျူဗင်တပ်ထက် သိသာတဲ့ အားသာချက်ဖြစ်နေပါတယ်။ ဒါဟာ အီတလီကလပ်ရဲ့ တိုက်စစ်ပိုင်းက ညံ့ဖျင်းလို့မဟုတ်ဘဲ မက်ဆီ၊ နေမာတို့နဲ့ ဒီရာသီ အသစ်ရောက်လာတဲ့ လူးဝစ်ဆွာရက်ဇ်တို့ရဲ့ အတွဲအဖက်က အားကောင်းလွန်းနေတာကြောင့် ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ တစ်ရာသီလုံးပြိုင်ပွဲပေါင်းစုံမှာ ၁၀၃ ဂိုးထိသွင်းယူထားပါတယ်။ ဘာစီလိုနာဘက်မှာတော့ တိုက်စစ်မှူး သုံးယောက်ရဲ့ သွင်းဂိုးစုစုပေါင်းတင် ၁၂၀ ရှိနေတာကိုတွေ့ရပါတယ်။ ဂျူဗင်တပ်ကတော့ ဘာစီလိုနာခံစစ်အမှားကိုစောင့်ပြီး အယ်လ်ဗာရိုမိုရာတာ၊ ကားလို့စ်တီဗက်ဇ်တို့ရဲ့အားနဲ့ တုံ့ပြန်ပါလိမ့်မယ်။ မိုရာတာဟာ ရီးရဲလ်ကနေပြောင်းလာတဲ့နောက် တဖြည်းဖြည်းခြေစွမ်းတက်လာတဲ့ စပိန်သားလေးပါ။ ရီးရဲလ် ကစား

သမားဟောင်းပီပီ ဘာစီလိုနာကို ဂိုးသွင်းချင်တဲ့ စိတ်ဇောမျိုး သူ့ဆီမှာ အပြည့်ရှိနေမှာ သေချာပါတယ်။ တီဗက်ဇ်ကတော့ ဘာစီလိုနာအတွက် အချိန်မရွေးနာကျင်သွားအောင် ထိုးနှက်နိုင်တဲ့ ဓားတစ်လက်လိုပါပဲ။ ဒီအာဂျင်တီးနားသားဟာ ပွဲချိန်အတွင်း OpenPlayကရော တည်ကန်ဘောတွေကပါ ဂိုးရအောင် သွင်းယူနိုင်တာကြောင့် ဘာစီလိုနာအတွက် သတိအကြီးဆုံးထိန်းချုပ်ရမယ့် ပြိုင်ဘက်ဖြစ်လာမှာပါ။

အားသာချက်၊ အားနည်းချက်များ

လက်ရှိ ခြေစွမ်းပိုင်းအရ ဘာစီလိုနာမှာ အားနည်းချက် ကြီးကြီးမားမားတော့မရှိပါဘူး။ ခံစစ်သမားတွေ တိုက်စစ်ကို လိုက်ပါချိန်မှာ တစ်ခါတလေ အမှားအယွင်းရှိတတ်တာမျိုးကလွဲရင် ဘာစီလိုနာရဲ့အနေအထားက ပြီးပြည့်စုံလုနီးပါးဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ MSN တိုက်စစ်ဟာ အထင်ရှားဆုံး အားသာချက်ဖြစ်ပြီး မက်ဆီရဲ့ မျှောထုတ်ပေးတဲ့ ဘောလုံးတွေဟာ ကြောက်စရာအကောင်းဆုံး လက်နက်ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နေရာစုံက ဂိုးသွင်းနိုင်စွမ်း ရှိပေမယ့် လာလီဂါမှာ မျှောထုတ်ပေးတဲ့ ဘောလုံးတွေကနေ ၁၁ ဂိုးထိရခဲ့ပြီး ဒါဟာ ဥရောပထိပ်တန်းအဆင့် လိဂ်ငါးခုမှာ အမြင့်ဆုံးအရေအတွက်ပါပဲ။ မက်ဆီဟာ လာလီဂါမှာ မျှောထုတ်ပေး တဲ့ဖန်တီးပေးမှု ခြောက်ကြိမ်အပါအဝင် ပြိုင်ပွဲစုံမှာ မျှောထုတ်ပြီး ခင်းပေးလိုက်တဲ့ ဘောလုံးတွေကနေ ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိရရှိထားပါတယ်။ အဲဒီလို အခင်းအကျင်း ပုံစံမျိုး မက်ဆီက လာလီဂါမှာ ၉၄ ကြိမ်ထိ အားထုတ်ခဲ့ပြီး ၂၂ ကြိမ်ကနေမာဆီကို ဦးတည်တာပါ။ ရလဒ်အနေနဲ့ ဒီဘရာဇီးသားကခြောက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အတွက်တော့ သတိကြီးကြီးထားရမယ့် အစိတ်အပိုင်းပါပဲ။

ဂျူဗင်တပ်ရဲ့ အားနည်းချက်ဆိုရင် အရင်ဆုံး ပြေးမြင်မှာက ပျမ်းမျှအသက်ပါပဲ။ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ရဲ့ ပျမ်းမျှ အသက်အကြီးဆုံး စာရင်းဝင် အသင်းတစ်သင်း ဖြစ်ပါတယ်။ ဂိုးသမားဘူဖွန်၊ ကွင်းလယ်က ပီယာလိုတို့အပြင် နောက်တန်းက ပက်ထရစ်အီဗရာတို့လို ကစားသမားတွေဟာ ဘောလုံးသမားဘဝ အတောက်ပဆုံး ကာလတွေ ကျော်လွန်သွားခဲ့ပါပြီ။ အထူးသဖြင့် အီဗရာရဲ့ ဘယ်ခြမ်းခံစစ်က ဘာစီလိုနာရဲ့ လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို ထိန်းချုပ်ရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ အီဗရာကို ကွင်းလယ်ကဗီဒဲလ်က ဆင်းကူလေ့ရှိပေမယ့် အဲဒီအခြေအနေကနေဟာကွက်တွေ ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်ရဲ့ အားသာချက်ကတော့ ဖြတ်တင်ဘောတွေပါ။ ဂျူဗင်တပ်ဟာ ဒီရာသီ တောင်ပံက ဖြတ်တင်ဘောတွေ ရိုက်တင်ရာမှာ ၂၇ ရာခိုင်နှုန်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ စီးရီးအေမှာ ထောင့်ဖြတ်ဘောတွေကနေ ဂျူဗင်တပ်အနေနဲ့ အခွင့်အရေး (၁၁၃) ကြိမ်ထိ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာစီလိုနာကလည်း ထောင့်ဖြတ်ဘောတွေ တားဆီးရာမှာ အထူးချွန်ဆုံး အသင်းတစ်သင်းဖြစ်ပြီး လာလီဂါ ပြိုင်ဘက်တွေက ဘာစီလိုနာဘက်ကို တစ်ရာသီလုံး (၅၆)ကြိမ်သာ ထောင့်ဖြတ်ကန်တင်နိုင်ပြီးတစ် ဂိုးသာသွင်းယူနိုင်ခဲ့တာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ဂျူဗင်တပ်ရဲ့ ဒုတိယအထက်မြက်ဆုံး လက်နက်ကတော့ ပင်နယ်တီဧရိယာအပြင်ဘက်က ကန်သွင်းချက်တွပါ။ စီးရီးအေမှာ အဝေးကန်ချက်တွေကနေ ဂျူဗင်တပ်က ၂၃ ဂိုးတောင်သွင်းယူထားပါတယ်။

ခြုံငုံသုံးသပ်ချက်
ဗိုလ်လုပွဲစဉ် တစ်ခုမှာ ပိုပြီးရေပန်းစားတဲ့ အသင်းဆိုတာ မရှိတော့ပါဘူး။ ဘာစီလိုနာရော ဂျူဗင်တပ်ပါ တစ်မျိုးစီအဆိပ်ပြင်းတဲ့ အသင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံအချက်အလက်တွေကို သုံးသပ်ကြည့်ရင် ဘာစီလိုနာက ပိုသာမယ့် အလားအလာရှိပါတယ်။ အထူးသဖြင့် တစ်ပွဲတည်းနဲ့ အရှုံးအနိုင်ဆုံးဖြတ်မယ့် ဒီလိုပွဲစဉ်မျိုးမှာတော့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာကို အပေါ်အသင်းအဖြစ် သတ်မှတ်ရမှာပါ။ ဒါပေမဲ့ ဒီပွဲမှာ အနိုင်ရသွားမှာက ခြေစွမ်းပိုကောင်းတဲ့ အသင်းထက် အမှားပိုနည်းတဲ့အသင်းပဲ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဘာစီလိုနာကတော့ ပိုပြီးယုံကြည်သင့်တဲ့ ရွေးချယ်စရာပါ။

အခြားစိတ်ဝင်စားစရာ အချက်များ
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အခုပွဲမှာ ဂိုးသွင်းနိုင်ရင် ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ပါမယ်။ လောလောဆယ် သူက ၁၀ ဂိုးသွင်းပြီး ရီးရဲလ်ရဲ့ ရော်နယ်ဒိုနဲ့ ပူးတွဲဦးဆောင်နေတာပါ။
ဂျူဗင်တပ်ဟာ နောက်ဆုံးချန်ပီယံလိဂ် ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားပြထားပါတယ်။ သူတို့ဟာ အုပ်စုတွင်းမှာ အိုလံပီယာကော့စ်ကို အရေးနိမ့်ပြီးနောက်ပိုင်း ကျန်ပွဲစဉ်အားလုံးကို အနိုင်၊ဒါမှမဟုတ် သရေရလဒ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ရဲ့ Clean Sheet ဘုရင်တွေလို့ တင်စားခံရပါတယ်။ သူတို့ဟာ ကစားခဲ့တဲ့ ၁၂ ပွဲမှာ ခြောက်ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်ပြခဲ့တယ်။
ဒီပွဲမှာ ဗိုလ်စွဲရင် ဂျူဗင်တပ်ဟာ အသင်းရဲ့ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် တစ်ရာသီတည်း ဖလားသုံးလုံး ဆွတ်ခူးမှု ဖြစ်လာနိုင်ပြီးဘာစီလိုနာ အောင်ပွဲခံရင်တော့ ကလပ်သမိုင်းမှာ ဒုတိယအကြိမ်ပါ။
ဂျူဗင်တပ်ဟာအရင်က ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲခုနစ်ကြိမ်ထိတက်ခဲ့ပြီး နှစ်ကြိမ်သာ ဗိုလ်စွဲဖူးတာကြောင့် ဗိုလ်လုပွဲနဲ့ ကံသိပ်မစပ်ဘူးလို့ ပြောနိုင်ပါတယ်။ ဘာစီလိုနာကလည်း ဗိုလ်လုပွဲခုနစ်ကြိမ်တက်ခဲ့ဖူးပေမယ့် လေးကြိမ်မှာ ဆုဖလားဆွတ်ခူးနိုင်ပါတယ်။ ဒီနှစ်ကတော့ နှစ်သင်းစလုံးရှစ်မြောက် ဗိုလ်လုပွဲကို ကစားကြရမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်နည်းပြ အယ်လီဂရီဟာမီလန်ကို ကိုင်တွယ်တုန်းကဘာကာနဲ့ ရှစ်ကြိမ်တွေ့ဆုံဖူးပြီး ရလဒ်တွေကတော့ တော်တော်လေးကြေကွဲစရာ ဖြစ်ခဲ့ဖူးပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ချိန်မှာ အယ်လီဂရီ ပိုင်ဆိုင်ထားတဲ့ မှတ်တမ်းကတစ်ပွဲနိုင်၊သုံးပွဲသရေ၊လေးပွဲရှုံးပါ။ ဘာစီလိုနာဟာ အယ်လီဂရီ ကိုင်တွယ်တဲ့ မီလန်အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ နှစ်ကြိမ်ဆက်တိုက် ဖျက်ဆီးပစ်ခဲ့ဖူးပါတယ်။
ဂျူဗင်တပ်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ စပိန်ကလပ် နှစ်သင်းနဲ့ ကစားဖူးပြီး ဘာစီလိုနာကတော့ သူတို့အတွက် တတိယမြောက် စပိန်ပြိုင်ဘက်ပါ။
ဂျူဗင်တပ်ရဲ့ ဝါရင့်ကွင်းလယ်လူပီယာလိုနဲ့ ဘာစီလိုနာရဲ့ သက်တော်ရှည် ကွင်းလယ်ကစားသမားကြီး ဇာဗီတို့အတွက် ဒီပွဲစဉ်ဟာ သက်ဆိုင်ရာ ကလပ်တွေကို နောက်ဆုံး ကိုယ်စားပြုခြင်းလည်း ဖြစ်ပါတယ်။

7Day Daily

0 comments:

Post a Comment