Tuesday, October 13, 2015

ဟောင်လွန်းရင်တော့ ထရိုက်ခံရလိမ့်မယ် - ကိုဘသိန်း (တပ်ဦး)

ယခင်တပတ်က “သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောကြသူများ” ရေးခဲ့စဉ်က ယခုလို တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး စပ်ကူးမတ်ကူး ကာလမှာ မြင်မိတာတွေ ရေးသား တင်ပြခဲ့ပါတယ်။ တချိန်က စစ်အာဏာရှင်တွေ၊ စစ်ထောက်လှမ်းရေးတွေနဲ့ အလျင်းသင့်ပြီး အကျိုးစီးပွား ဖြစ်ခဲ့ကြတဲ့ ဘူဇွာ အရေခြုံတွေက အခုအချိန်မှာ မီဒီယာလောကနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း လောကအတွင်း နေရာ ယူထားလိုက်ကြပါတယ်။ သူတို့ရဲ့ မြန်မာ့ နိုင်ငံရေးနဲ့ မြန်မာ့ လူ့အဖွဲ့အစည်း လက်ရှိ အခြေအနေများ အပေါ် ဝေဖန် သုံးသပ်ချက်လိုလို၊ သြဇာပေး ဆရာကြီး လုပ်သလိုလို၊ ပုဂ္ဂိုလ်ရေး ဝေဖန် အပုတ်ချသလိုလို ရေးသား ဖော်ပြချက်တွေကို ဂျာနယ် စာမျက်နှာတွေပေါ်၊ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ အရှိန်အဟုန်နဲ့ ရေးသား ဖော်ပြလာကြတဲ့ အပေါ် ပြည်သူများ အမှန်တရား သိနိုင်အောင်နဲ့ သူတို့ လုပ်ရပ်အပေါ် မခံမရပ်နိုင် ဖြစ်လို့ ရေးသားခဲ့ဖြစ်ပါတယ်။အဲဒီလို သူတစ်ပါး ညောင်မြစ် တူးလိုက်လို့ ကိုယ့်ရဲ့ ပုတ်သင်ဥ အဖြစ်အပျက်တွေ ပေါ်လာတာတောင် သတိမပြု ငြိမ်ငြိမ် မနေကြသေးပဲ ဆက်လက် ရေးသား ဝေဖန်တိုက်ခိုက် အပုပ်ချမှုတွေ တိုးပြီး လုပ်ကြလာပြန်တယ်။ ရွေးကောက်ပွဲ နီးကပ်လာနဲ့ အမျှ တချိန်က တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်အတွက်၊ ဒီမိုကရေစီ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးများ အတွက် နံရံလေးဘက် အကျဉ်း ထောင်ထဲတွေမှာ ဆင်းရဲဒုက္ခ ခံခဲ့ကြရတဲ့ နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင် စာပေနဲ့ အနုပညာ နယ်ပယ်က ထင်ရှားသူတွေကို လက်ညိုးထိုး အပုပ်ချ ဝေဖန်ပြီး ထောင်ထဲ တစ်ခါမှ မရောက်ခဲ့ဘူး သူတွေ၊ ပင်ပန်း ဆင်းရဲလှတဲ့ အကျဉ်းသားဘ၀ ဆိုတာ မခံစားဘူးဘဲ သိန်းထောင်ကျော်တန် ကားကြီးတွေ စီး၊ အဲယားကွန်း အခန်းကြီးထဲက သူတို့တွေဟာ တိုင်းပြည် တိုးတက်အောင် လမ်းပြနေသူတွေပါ။ ဘက်မလိုက်တဲ့ မီဒီယာသမားတွေပါလို့ မရှက်မကြောက် ကြွေးကြော် လာကြပြန်ပါတယ်။

ဒါအပြင် တချို့ အရေခြုံတွေက မီဒီယာ ကုမ္ပဏီတွေက သတင်းမီဒီယာ ဆိုတဲ့ မဏ္ဍိုင်ကြီးကို ကိုယ်ပိုင်လက်နက် တစ်ခုလို သဘောထားပြီး ကိုယ်ရေးချင်တာ ရေးနေခြင်းများဟာ စာဖတ်သူ ပြည်သူများကို ဂရုမစိုက်တဲ့ အပြင် ထမင်းရှင် ပြည်သူတွေကိုပါ စော်ကားသလို ဖြစ်နေကြောင်း သတိပြုကြဖို့ လိုပါတယ်။ သေချာတာက အများနဲ့ တစ်ယောက် ဖြစ်လာပြီဆိုရင် မဝေးတဲ့ ကာလမှာ ရွာပြင် ရောက်သွားကြမှာ သေချာနေပါတယ်။ သမိုင်းကြောင်းဆိုတာ ဖြတ်သန်းမှုပါ။ လူတိုင်းမှာ သူတို့ဘ၀ ဖြတ်သန်းခဲ့တဲ့ အချိန်နဲ့ တောင်းဆိုတဲ့ ဖြစ်ရပ်မှန်သမျှ သမိုင်းပါပဲ။ ဒါကြောင့် ခေတ်အဆက်ဆက်မှာ သမိုင်းကြောင်း ကောင်းတဲ့သူနဲ့ သမိုင်းကြောင်း (လုံးဝ) မရှိခဲ့ကြတဲ့သူ ဆိုပြီး ဒွန်တွဲ ရှိနေစမြဲပါ။ တချို့က သူတို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို အများအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ ခေတ်နဲ့စနစ်ရဲ့ အကျိုးစီးပွား အတွက် ဘ၀တွေ၊ အသက်တွေ၊ စွန့်လွှတ် အနစ်နာခံမှု များစွာနဲ့ ထုဆစ် ဖြတ်သန်းခဲ့ကြပါတယ်။ တချို့က အချောင်လိုက်၊ အပါးခိုနေပြီး လည်သလို ရပ်တည် နေခဲ့ရာက အခါအခွင့် သင့်ရင် သင့်သလို သူများကို လက်ညိုးထိုးပြီး ဘာတစ်ခုမှ မယ်မယ်ရရ မရှိခဲ့တဲ့ ကိုယ့်ဖြတ်သန်းမှု သမိုင်းကြောင်းအတွက် အရေချုံတက်ကြပါတယ်။ ဒီနေ့ခေတ်မှာ ဆရာကြီး လုပ်ပြီး သူများကို အပုပ်ချ ဝေဖန်နေကြတဲ့ မီဒီယာလောကနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း လောကအတွင်းက နေရာ ခပ်ကြီးကြီး ယူထားကြသူတွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ် ဆိုပြန်ရင် (၁) တချို့က ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ကာလ ကိုယ့်အိမ်ရှေ့ လမ်းမကြီးပေါ် ကျောင်းသား ပြည်သူ လူထုကြီး ဆန္ဒပြနေချိန်မှာ ခြင်ထောင်ထဲက မထွက်ရဲခဲ့တဲ့ သူတွေ၊ (၂) တချို့က ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး ဘာမှ မပစ်မခတ်တော့ဘူး ဆိုတဲ့ အချိန်ကျ အများနည်းတူ ဝေေ၀လေလေ ပါလာပြီး အာဏာရှင် လက်ထက်မှာလည်း အာဏာရှင်တွေနဲ့ ပေါင်းစားပြီး မှိန်းနေခဲ့ကြကာ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်လာပြန်တော့ အာဏာရှင်ခေတ်ကြောင့် ချမ်းသာ ကြွယ်ဝလာမှုတွေကို အသုံးချပြီး ငွေနဲ့လမ်းခင်း ဆရာကြီး လုပ်လာသူတွေ၊ (၃) တချို့က အာဏာရှင်ခေတ်မှာ အဘ၊ အဘလုပ်ခဲ့ကြကာ အခုမှ အစ်မ၊ အစ်မ လုပ်လာကြသူတွေ၊ (၄) တချို့ ၁၉၈၈ တုန်းက လူတောင် မဖြစ်သေးပဲ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ မွေးလာခဲ့ပြီး သူများ မြှောက်ပေးလို့ မြန်မာ့နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆောင်းပါးရှင်များ ဆိုတဲ့ ခေါင်းစီး ကြီးကြီးတပ်ပြီး ရပ်တည်နေသူတွေ အဲဒီလို လူတွေက ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ အသက် သွေးချွေးနဲ့ တိုက်ယူလို့ရခဲ့တဲ့ လွတ်လပ်စွာ ဝေဖန် ပြောဆိုခွင့် အပေါ် အသုံးချ အခွင့်ကောင်းယူပြီး မြန်မာ့ ဒီမိုကရေစီ သမိုင်းကြောင်းမှာ အသက်တွေ ဆုံးရှုံး၊ မိသားစုတွေ ပြိုကွဲခံပြီး မြန်မာ့နိုင်ငံရေးကို အပြောင်းအလဲအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့သူတွေကို ကဲ့ရဲ့ရှုံ့ချ ဝေဖန် ပြောဆိုနေမှုများကို လက်မခံနိုင်ခြင်းပါ။ အဲဒီလိုသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမား လူရွှင်တော် အနုပညာ သမားကြီး တစ်ယောက်က သူ့အမြင်ကို ဖော်ပြ ရေးသားချက် တစ်ခုမှ ကိုးကားရမယ်ဆိုရင် “ကမ္ဘာ့သမိုင်း အဆက်ဆက် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲတိုင်းမှာ အာဏာရှင်တွေ အရောင် ပြောင်းချိန်ကျရင် Liberal Bourgeoisy Revolutionist ဆိုတဲ့ လူတန်းစား တစ်ရပ် ပေါ်ထွက် လာစမြဲပဲ။ မြန်မာပြည်မှာလည်း အဲဒီလို လူတန်းစား တစ်ရပ် ကြောက်စရာ ကောင်းလောက်အောင် ရှိနေပါတယ်။ မြင်အောင်ကြည့် သတိပြုနိုင်ကြဖို့ပါ။ စစ်အာဏာရှင်နဲ့ အသေအကျေ တိုက်နေတုန်းက ခုလောက် မပင်ပန်းဘူး။ ခုမှ အာဏာရူးတွေ အာဏာယားတွေနဲ့ တွေ့ရတော့ အလွန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒီ Liberal Bourgeoisy Revolutionist ဆိုတဲ့ လူတန်းစားတွေ ဆိုတာ သူတို့က အာဏာရှင် ရှိနေတုန်းက အာဏာရှင်နဲ့ ပေါင်းစားပြီး ချမ်းသာအောင် ဘူဇွာဖြစ်အောင်လုပ်။ အာဏာရှင်လည်း မရှိတော့ရော တော်လှန်သူလို့ အယောင်ဆောင်။ ဒါကိုပဲ အရည်မလည်တဲ့ သူတွေက ၀ိုင်းချီးမွမ်းခန်း ဖွင့်တော့ သူတို့ကိုယ် သူတို့ လစ်ဘရယ် ဖြစ်ပါတယ် လုပ်ကြရောပေါ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်” တဲ့။

ဒါ့အပြင် Tomorrowမှာ ဆရာမာဂျေ ရေးခဲ့ဖူးတဲ့ သရော်စာထဲက နံပါတ်တစ် ခရိုနီက ဘယ်သူ တက်တက်၊ ပိုပြီး ထူးလာစရာ မရှိပါဘူး။ ယမကာလေး မှီဝဲလိုက်၊ ပျော်သလို နေလိုက်နဲ့ ရွေးကောက်ပွဲ အတွက် ငွေတစ်ပြား တစ်ချပ်မှ အကုန်မခံတဲ့ ခရိုနီ၊ နံပါတ်နှစ် ခရိုနီက အရင် စစ်အစိုးရ လက်ထက်က အခွင့်အာဏာတွေ ခွတုတ်ပြီး နိုင်ငံတော် သူဌေးကြီးတွေ ဖြစ်ခဲ့ရာက ယခု အတိုက်အခံ ပါတီတွေဘက် ပုံအောပြီး သူတို့ဘ၀ကို လောင်းကြေး ထပ်ထားကြတဲ့ သာကူးလို့ခေါ်တဲ့ ခရိုနီ၊ နံပါတ်သုံးခရိုနီက အရင်အစိုးရလက်ထက်မှာ ချမ်းသာလာလို့ အရင်အစိုးရ ထောင်ထားတဲ့ အာဏာရ ပါတီကိုပဲ ဖက်တွယ်တော့မယ်။ အသက်ကြီးမှ သခင်အသစ်လည်း မရှာချင်တော့ပါဘူး ဆိုတဲ့ ရှေးရိုးစွဲ ခရိုနီနဲ့ နံပါတ်လေး ခရိုနီကတော့ အရင်အစိုးရ ခေတ်မှာ နိုင်ငံတော် ၀န်ကြီးချုပ်တို့၊ အတွင်းရေးမှူး တစ်၊ နှစ်၊ သုံးတို့နဲ့ ပေါင်းပြီး ချမ်းသာလာခဲ့ပေမယ့် ခေတ်က ပြောင်းချင်သလိုလို ဖြစ်နေလို့ အာဏာရ ပါတီကိုရော၊ အတိုက်အခံကိုရော မျှပြီး ငွေကြေး ထောက်ပံ့ပြီး ဘယ်ပါတီ တက်တက်၊ ညွန့်ပေါင်း အစိုးရပဲ ဖွဲ့ဖွဲ့ အခြေအနေ မပျက်ဘူးလို့ တွေးတဲ့ နှစ်ဘက်ချွန် ခရိုနီဆိုတဲ့ ခရိုနီ (၄) မျိုးတွေထက် ပိုဆိုးတာက အဲဒီ Liberal Bourgeoisy Revolutionist ဆိုတဲ့ အာဏာရူး၊ အာဏာယား ဘူဇွာ လူတန်းစားတွေပါပဲ။ သူတို့က ရှိရှိသမျှ သမိုင်းကြောင်း အစဉ်အလာကောင်း ရှိသူတွေကို ဝေဖန်တိုက်ခိုက် အပုပ်ချပြီး သူတို့ကမှ လစ်ဘရယ် တော်လှန်ရေး သမားတွေပါ။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးသူတွေပါ ဆိုပြီး လုပ်ပြနေခြင်းပဲ ဖြစ်ပါတယ်။

ဒါအပြင် ဆရာ လူထုစိန်ဝင်း မကွယ်လွန်မီ ၂၀၀၉ခုနှစ် အောက်တိုဘာ ၅ ရက်ထုတ် Favourite သတင်းဂျာနယ်မှာ ရေးသား ဖော်ပြခဲ့သော ဆောင်းပါးထဲကလို “ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို့ အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က ဘယ်သူ တန်ခိုးရှိသလဲ ဆိုတာ ကောင်းကောင်းသိပြီး တန်ခိုး ရှိသူတိုင်းနဲ့ တည့်အောင် ပေါင်း၊ အမြတ် ထုတ်တက်ကြတယ်။ ပေါင်းနေတဲ့သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်း စွန့်ခွာပြီး အရောင် တောက်သူကို ပြေးကပ်လေ့ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြလေတော့ လူတွေကို အမြဲတမ်း ငုံ့ကြည့်လေ့ရှိတယ်။ တခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့လူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေအကြောင်းလည်း ဘာမှ မသိဘူး။ ကိုယ့်ဘာသာကိုယ် ခန့်တဲ့ “ဂုရု”တွေနဲ့ လူတွေကြား မ၀င်ဘူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာ လူမျိုးတွေရဲ့ ဘ၀၊ မြန်မာ လူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တိုက်တဲ့ လူတွေပဲလို့သာ ကောက်ချက် ချလိုက်ရတော့မှာ ဖြစ်ပါတယ်”လို့ ရေးသားခဲ့ဖူးပါတယ်။

နိဂုံးချုပ်ပါတော့မယ်။ ယခင် အပတ်က “သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောကြသူများ” ဆောင်းပါး နိဂုံးမှာ အတိုက်ခိုက်ခံ၊ အဝေဖန်ခံ၊ အပုပ်ချခံ နိုင်ငံရေး ခေါင်းဆောင် ကျောင်းသားခေါင်းဆောင် စာပေနဲ့ အနုပညာနယ်ပယ်က ထင်ရှားသူတွေ ဘက်ကနေ အာဏာရူး၊ အာဏာယား ဘူဇွာလူတန်းစား တစ်တွေရဲ့ လုပ်ရပ်အပေါ် ခွေးဟောင်တိုင်း ထမကြည့်ပါနဲ့ အိပ်ရေးပျက်မှာ စိုးလို့ပါ”လို့ ရေးသားခဲ့ပါတယ်။ ယခုအခါမှာတော့ အသက်(၈၀)ကျော် အဖေဖြစ်သူပြောတဲ့ စကားလေးနဲ့ နိဂုံးချုပ်လိုက်ပါရစေ။ “ငါ့သားရေ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေး ပျက်တတ်တယ် ဆိုတာ မှန်ပေမယ့် တစ်ရပ်ကွက်လုံး နားမခံသာအောင် ဆက်ပြီး ဟောင်လွန်းနေရင်တော့ နားမခံနိုင်ကြတဲ့ အရပ်ထဲက လူတွေက ထရိုက်ကြလိမ့်မယ်”တဲ့ ကျေးဇူးတင်ပါတယ်။

ကိုဘသိန်း (တပ်ဦး)
Tomorrow

0 comments:

Post a Comment