Wednesday, October 21, 2015

ဒါက်တာ သိန်းမြင့်ထံသို့ အကြောင်းပြန်ကြားချက် - ဇော်သက်ထွေး



ဒေါက်တာသိန်းမြင့်ခင်ဗျာ………

၂၀၁၅ စက်တင်ဘာ ၁၆ ရက်နေ့နဲ့ ၁၉ရက်နေ့က ဆရာရေးသားခဲ့တဲ့ “သူတို့ လွဲနေကြပါတယ် (၁)နဲ့(၂)” ဆောင်းပါးတွေမှာ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် အချို့ကို လည်းကောင်း၊ Tomorrow ဂျာနယ်ရဲ့ ဒါရိုက်တာ နှစ်ဦးဖြစ်တဲ့ ကျွန်တော်နဲ့ ဆရာမာဂျေကို လည်းကောင်း၊ ရုပ်ရှင်သရုပ်ဆောင် ငှက်ပျောကြော်ကို လည်းကောင်း ဝေဖန်စွပ်စွဲခဲ့တဲ့ အချက်အလက်တွေကို ဖတ်ရှုခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆိုင်ရာပုဂိ္ဂုလ်တွေက လူသိရှင်ကြား မရှင်းလင်းသေးပေမယ့် ကျွန်တော်ကတော့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဖြစ်သလို Tomorrow ဂျာနယ်ရဲ့ တာဝန်ရှိသူလည်း ဖြစ်နေတဲ့အတွက် နိုင်ငံသားတွေ အထူးသဖြင့် စာဖတ်ပရိသတ်တွေ အထင်အမြင် လွဲမှားမသွားစေရန် တရားဝင် ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။ ဒါကြောင့် ဂျာနယ်စာမျက်နှာ တချို့ကို အားနာစွာနဲ့ပဲ အသုံးပြုခဲ့ရပါတယ်။ကျွန်တော်ဟာ စာပေလောကထဲ ဘယ်လို ရောက်လာသလဲဆိုတာ ဆရာသိသလို ဆရာ စာပေလောကထဲ ဘယ်လို ၀င်လာသလဲဆိုတာ ကျွန်တော် သိပါတယ်။ ဆရာစွပ်စွဲတဲ့ ပထမဦးဆုံး အချက်ကတော့ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ပတ်သက်နေပါတယ်။ ဆရာရေးထားတဲ့ “ကျွန်တော် ပြောချင်တာက ခင်ဗျား အပါအ၀င် စာနယ်ဇင်းကောင်စီ (ယာယီ)မှာ ပါဝင်နေသူ တချို့ဟာ ရိုးသားမှု မရှိဘူး။ အာဏာရှင်ဝါဒ ဖြန့်ချိရေး ယန္တရားရဲ့ အဆွယ်အပွားတွေလည်း ရှိနေတယ်။ ဒီအချိန်မှာ ကိုယ့်လူကိုယ် ၀ိုင်းကြီးချုပ်စနစ်နဲ့ ပြန်တင်တဲ့စနစ်ကို ကျွန်တော် သဘောမတူဘူး။ ဒါကို ကန့်ကွက်ခဲ့တာ။ လွတ်လွတ်လပ်လပ် ရွေးကြပါစေ...”လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ ဖြစ်ပေါ်မှုကို ပြန်ကောက်ရမယ်ဆိုလို့ရှိရင် ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က ချက်ထရီယမ် ဟိုတယ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကောင်စီဝင် ၂၈ဦးနဲ့ ဖွဲ့ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် အများရဲ့ ဆန္ဒသဘောထားအရ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုဥက္ကဋ္ဌ အဖြစ် ဦးစိုးသိမ်း (မောင်ဝံသ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်းတို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ ဆရာရော ကျွန်တော်ရော အဖွဲ့ဝင်အဖြစ် ပါခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာမောင်ဝံသနဲ့ ပါမောက္ခ ဒေါက်တာ ကျော်ဇောနိုင်တို့ ကွယ်လွန်သွားခဲ့ကြပြီး လက်ရှိ ကောင်စီမှာ ၂၆ ဦး ကျန်ပါတယ်။ ၂၆ဦးအနက် ၁၀ ဦးလောက်က ကောင်စီကို မလာသလောက်ဖြစ်ပြီး ၁၆ဦးကပဲ ကောင်စီရဲ့ လုပ်ငန်း တာဝန်တွေကို ဗော်လံတီယာ ထမ်းရွက်နေခဲ့ကြတာ ၃နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အသစ်ပြန်ဖွဲ့မယ့် သတင်းမီဒီယာ ကောင်စီမှာ ကျွန်တော်နဲ့ ကိုကျော်မင်းဆွေ အပါအ၀င် ပြန်လည် ရွေးချယ်မခံလိုသူ ၁၀ ဦးခန့် ရှိပါတယ်။ ဒီအထဲက သတင်းမီဒီယာ ကောင်စီရွေးကောက်ပွဲ ကော်မရှင်မှာ အများပြည်သူ ယုံကြည်လေးစားတဲ့ စီးပွားရေး တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးမော်သန်း၊ ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)နဲ့ ဒေါ်ချိုချိုတင် (စာရေးဆရာမ မစန္ဒာ)တို့ကို ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၆ဦးကတော့ အပြင်လောကက ဖြစ်ပါတယ်။ သတင်းမီဒီယာ ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲပုံစံနဲ့ အချိန်ကာလတွေကို အဓိက ဆုံးဖြတ်တဲ့ အဖွဲ့ဖြစ်ပြီး စာနယ်ဇင်း ကောင်စီ (ယာယီ)ကတော့ အကြံဥာဏ်ပေးဖို့သာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေမှာ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် တစ်ဦးအနေနဲ့ ကန့်ကွက်လို့လည်း ရပါတယ်။ ၀င်ရောက် ဆွေးနွေးလို့လည်း ရပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်တာကတော့ အများရဲ့ ဆန္ဒအတိုင်းပါပဲ။ အဖွဲ့အစည်းတိုင်းမှာ အများစုရဲ့ဆန္ဒကို အနည်းစုက လိုက်နာရမှာဖြစ်ပြီး အများစုကလည်း အနည်းစုရဲ့ ဆန္ဒကို လေးစားရမှာ ဖြစ်ပါတယ်။ ဒါဟာ (Domocractic Practice) ပါပဲ။ ဒီနေရာမှာ အလေးအနက် ဖော်ပြချင်တာကတော့ အဖွဲ့အစည်းတိုင်းရဲ့ အစည်းအဝေးတွေဟာ Confidential ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာရှိတဲ့ အင်စတီကျူးရှင်းတိုင်းရဲ့ စည်းကမ်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ အဆိုပြုချက်တွေ အောင်မြင်ချင်ရင်တော့ အနည်းဆုံး ကောင်စီဝင် ရှစ်ဦးရဲ့ ထောက်ခံမှု လိုပါတယ်။ အများက မထောက်ခံခဲ့ရင်တော့ အဆိုပြုချက်တွေဟာ ပယ်ချခံရမှာပဲ ဖြစ်ပါတယ်။

ဒုတိယ စွပ်စွဲချက်ကတော့ ဆရာ့ရဲ့ ဆောင်းပါးထဲမှာ “CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်လုပ်ကြံခံရပြီး အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်မှာ သတင်းမှား ထုတ်လွှင့်ပြီး အပုပ်ချဝါဒ ဖြန့်ချိရေး လုပ်ခဲ့သူတွေထဲမှာ စာနယ်ဇင်း ကောင်စီဝင်တချို့ ပါဝင်ပတ်သက်ခဲ့တယ်လို့ ကျွန်တော်က စွပ်စွဲပြောဆိုချင်ပါတယ်”လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ မီဒီယာသမားတွေနဲ့ ပြည်သူတွေ ထင်ယောင်ထင်မှား မဖြစ်စေဖို့အတွက် ဘယ်သူတွေ ပါဝင်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ၀ါဒဖြန့်ချိရေး လုပ်တယ်ဆိုတာ သက်သေနဲ့တကွ တိတိကျကျ ရေးသားစေလိုပါတယ်။ ဒါပေမဲ့ စာနယ်ဇင်း ကျင့်ဝတ်အတိုင်း ကိုယ်ရေးတာကိုတော့ ကိုယ်တာဝန်ယူရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ကို ရည်ညွှန်းပြောဆိုတယ် ဆိုရင်တော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရှင်းနိုင်ပါတယ်။ ကုန်းသီးနဲ့ ပစ်ခတ်လုပ်ကြံတဲ့ ကိစ္စဟာ အများပြည်သူ စိတ်ဝင်စားတဲ့အမှု ဖြစ်နေလို့ ဘယ်သူတွေ စေခိုင်းသလဲဆိုတာ ပေါ်လွင်လာဖို့ အတွက် ကြားသိရသမျှ အတည်ပြုဖို့ သတင်းမီဒီယာ တစ်ခုအနေနဲ့ စုံစမ်းမေးမြန်းမှု လုပ်ရပါလိမ့်မယ်။ တရားခံကို တိတိကျကျသိရရင် Tomorrow ဂျာနယ်မှာ ရေးသား ဖော်ပြနိုင်ဖို့အတွက် စုံစမ်းခြင်းဟာ ကျွန်တော့် အတွက်တော့ သတင်းသမား အခွင့်အရေးပဲ ဖြစ်ပါတယ်”

တတိယ စွပ်စွဲချက်ကတော့ “ဒီတိုက်ခိုက်မှု၊ အပုပ်ချ သတင်းဝါဒ ဖြန့်ချိမှုနောက်မှာ ခင်ဗျားနဲ့ ကိုငှက်ပျောကြော်တင် မကဘူး။ ကိုမာဂျေလည်း ပါဝင်ပတ်သက်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားတို့ရဲ့ Tomorrow ဂျာနယ်မှာ ကိုမာဂျေ ရေးခဲ့တဲ့ ဆောင်းပါးတွေမှာ ဒီအပုပ်ချ သတင်းတွေကို ဟုတ်သလိုလို ပုံစံနဲ့ စောင်းချိတ် ရေးခဲ့တာတွေ အများကြီးရှိတယ်။ သူ့ဆောင်းပါးတွေက သက်သေပါပဲ”လို့ ဖော်ပြခဲ့တယ်။

ဒီလို စွပ်စွဲချင်တယ်ဆိုရင် ဆရာ့မှာ ခိုင်လုံတဲ့ အချက်အလက်တွေ အများအပြား ရှိနေသင့်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ နှစ်ယောက်နဲ့ Tomorrow ဂျာနယ်ကို ခိုင်မာတဲ့ သက်သေ၊ သက္ကာရတွေ နဲ့တကွ ပြည်သူလူထု သိအောင် ဖော်ပြပေးရမှာပါ။ ဆရာမာဂျေဟာ ခေတ်စနစ် တစ်ခုအောက်မှာ ကမောက်ကမ ဖြစ်ရပ်တွေကို သရော်စာအဖြစ် ရေးသားခဲ့ခြင်းကြောင့် အလုပ်က ထုတ်ပယ်ခံရတဲ့ အထိ ဖြစ်ခဲ့တယ်။ အခုလို အများပြည်သူ အထင်အမြင် မှားအောင် စာမျက်နှာပေါ်ကနေ လက်လွတ်စပယ် မရေးသင့်ပါဘူး။ ဒီအချက်အလက်တွေ မှားယွင်းနေခဲ့ရင်လည်း ကျွန်တော်တို့က ပြန်လည်ရှင်းလင်းရမှာ ဖြစ်ပါတယ်။

စတုတ္ထ စွပ်စွဲချက်ကတော့ “ဘာပဲဖြစ်ဖြစ် CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်ခံရမှုကို ပုံပျက်စေချင်တဲ့ အပုပ်ချ သတင်းတွေ ဘယ်သူတွေဆီက ရသလဲဆိုတာ အပုပ်ချ သတင်းကို အမှန်လုပ် လွှင့်ခဲ့သူတိုင်း ဖြေရလိမ့်မယ်။ ရဲကလည်း ခင်ဗျားတို့ကို စစ်ရလိမ့်မယ်။ ဒီအစိုးရလက်ထက် မဟုတ်ရင် နောက်အစိုးရ လက်ထက်ကျ စစ်ရမှာပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီသတင်းတွေရဲ့ ရင်းမြစ်က တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတယ်”လို့ ရေးပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဥပဒေအရ လိုအပ်တယ်ဆိုရင် အခု အစိုးရ လက်ထက်မှာပဲ ဖြစ်ဖြစ်၊ နောက်အစိုးရ လက်ထက်မှာပဲ ဖြစ်ဖြစ်၊ ခေတ်အဆက်ဆက် တက်လာတဲ့ ဘယ်အစိုးရ လက်ထက်မှာပဲ ဖြစ်ဖြစ် အချိန်မရွေး အစစ်ခံနိုင်ကြောင်း ဆရာ့ကို ရဲရဲဝံ့ဝံ့ အသိပေးလိုပါတယ်။ ကျွန်တော်က ထောက်လှမ်းရေး၊ ရဲနဲ့ တရားရုံးတွေကို ကြောက်တတ်သူ မဟုတ်ပါဘူး။

ပဉ္စမအနေနဲ့ နောက်ဆုံးစွပ်စွဲချက် ဖြစ်တဲ့ “အာဏာရှင် လက်ကိုင်တုတ်တွေက ဖရိန်ဆင်ဖို့ လုပ်နေချိန်မှာ ခင်ဗျားက ဘာကြောင့် သစ်ကိစ္စကို စုံစမ်းခဲ့တာလဲ။ ဒါကတော့ ခင်ဗျား ရှင်းမှရမှာပါ” လို့ ဆရာရေးပါတယ်။ သတင်းမီဒီယာ တစ်ခုကို ဦးဆောင်နေတဲ့ သူတစ်ယောက်က အများပြည်သူ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ သတင်းတွေကို စုံစမ်းမေးမြန်း ရေးသားဖို့ တာဝန်ရှိပါတယ်။ ဘယ်လိုလူမျိုးကမှ ကျွန်တော့်ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို ကန့်သတ်လို့ မရပါဘူး။ သူတို့လွဲနေကြပါတယ်(၂) မှာလည်း “အခုတော့ အားလုံးက တစ်နည်းတစ်ဖုံဆီ ပတ်သက် ဆက်စပ်မှုတွေ ရှိနေတာ အထင်အရှား ဖြစ်နေတာကိုး။ ပြီးတော့ ခင်ဗျားနဲ့ ပတ်သက်တဲ့ အ၀န်းအ၀ိုင်းက လူတွေကလည်း ဘယ်လိုဝါဒ ဖြန့်တာတွေ လုပ်ခဲ့သလဲ” လို့ ၀ါးတားတား စွပ်စွဲတာနဲ့ ပတ်သက်ပြီး စာမျက်နှာကို အားနာတဲ့အတွက် ပြန်ရှင်း မနေတော့ပါဘူး။ နောက်တစ်ချက်ဖြစ်တဲ့ “နိုင်ငံတကာက ဖိတ်လို့ ခင်ဗျားတို့၊ ကိုဇော်သက်ထွေးတို့၊ ဒေါက်တာဖေမြင့်တို့၊ ဒေါက်တာမျိုးသန့်တင်တို့ ကိုရဲမင်းဦးတို့ နိုင်ငံခြားကို အခေါက်ခေါက် သွားနေကြတာကို ကောင်စီအတွက် အလုပ်လုပ်တယ်လို့ ဆိုလိုချင်တာလား” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဆရာ့ဘက်က အပြည့်အ၀ တာဝန်ယူရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စာနယ်ဇင်းကောင်စီ ၃နှစ်တာ သက်တမ်းအတွင်း ကျွန်တော်ဟာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖိတ်လို့ တစ်ခေါက်သာ သွားဖူးပြီး ဒါနဲ့ပတ်သက်လို့ ကောင်စီကို Report ပေးတဲ့အပြင် မီဒီယာ စာမျက်နှာမှာလည်း သတင်းဆောင်းပါး နှစ်ပုဒ် ဖော်ပြခဲ့ပါတယ်။

ဆရာ့ကို နောက်ဆုံး လေးလေးနက်နက် ပြောချင်တာကတော့ ဆရာရေးတဲ့ အထဲမှာ ကျွန်တော့်ကို “ကိုယ်တိုင် အကွက်ဆင်ခံရပြီး အရေးယူ ထောင်ချခံရသူ တစ်ဦးက ကိုယ်ခံရတာကို နောင်တမရဘဲ အာဏာရှင် ၀ါဒဖြန့်ချိသူတွေထဲမှာ ထဲထဲဝင်ဝင် အားတက်သရော လုပ်ခဲ့တာကို ပြောပြချင်ပါတယ်” လို့ ရေးတာဟာ ရင်အနာဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ဘ၀ဖြတ်သန်းမှုကို နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ကျွန်တော့် ပတ်ဝန်းကျင်က အသိအမှတ်ပြု လက်ခံထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ “ကျွန်တော်ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မြေလတ် ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကနေ ဆောင်ရွက်ခဲ့ပြီး ၁၉၉၀မှာ တောတွင်းက ကျောင်းသားတွေနဲ့ ဆက်သွယ်လို့ စစ်ခုံရုံးက ထောင်ဒဏ် ၆နှစ် အပြစ်ပေးခဲ့တာတွေ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအကြောင်း သတင်းရိုက်ကူး ဖြန့်ဝေလို့ Electronic Actနဲ့ ထောင်ဒဏ် ၁၉ နှစ် ကျခဲ့တာတွေ” ကို ဆရာ့လို အကြောင်းသိတဲ့ သူက ချန်ထားခဲ့တာတော့ အံ့သြမိပါတယ်။ ကျွန်တော်ဟာ အကြောင်းကြောင်းကြောင့် ဆရာတို့နဲ့ လမ်းခွဲခဲ့ပေမယ့် ယခုအချိန်အထိ မည်သူတစ်ဦး တစ်ယောက်ရဲ့ အကျိုးစီးပွားကိုမှ ပျက်လိုရာ ပျက်စီးကြောင်း လုပ်ခဲ့သူ မဟုတ်ပါဘူး။ ဒီလိုပဲ ဘယ်သူကမှ ကျွန်တော့်ရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ ဘ၀ကို ပုံဖျက်ပစ်လို့ မရနိုင်ပါဘူး။ ကျွန်တော်ဟာ မည်သည့်ပုဂိ္ဂုလ်၊ မည်သည့် အဖွဲ့အစည်းကိုမှ မုန်းတီးပြီး အသက်ရှင် နေထိုင်တဲ့သူ တစ်ဦးလည်း မဟုတ်သလို အထူးသဖြင့် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ရစတမ်းဆိုတဲ့ ဥပဒေသကို ဒီတိုင်းပြည်မှာ ပပျောက်ဖို့ ကြိုးပမ်းနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဆရာ့ရဲ့ဆောင်းပါးပါ စွပ်စွဲချက်တွေကို ပြန်ကြားရာမှာ တတ်နိုင်သမျှ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ယဉ်ကျေးစွာ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် တိုင်းသိပြည်သိ ကျွန်တော့်အပေါ် စွပ်စွဲထားတဲ့ အချက်အလက်တွေ ဆရာ့ဆောင်းပါးဖတ်ပြီး အထင်အမြင် လွဲနိုင်သူတွေ အတွက် ပြန်လည် ရှင်းလင်းချက်သာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီထက်အရေးကြီးတဲ့ ကိစ္စရပ်တွေ၊ ပြဿနာတွေ တောင်ပုံယာပုံ ရှိနေတာမို့ ဒီလို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး စာမျက်နှာပေါ်ကို နောက်နောင် ကျွန်တော် ဆက်လက် တုံ့ပြန်တော့မှာ မဟုတ်ပါဘူး။

မေတ္တာများစွာဖြင့်
ဇော်သက်ထွေး

မှတ်ချက်။ ။ ယခုကာလအတွင်း Tomorrowဂျာနယ်နှင့် ကျွန်တော့်အပေါ် စာနာစိတ်များစွာဖြင့် အားပေးထောက်ခံ ရပ်တည်ပေးကြသော စာဖတ်သူ ပရိသတ်များ အပါအ၀င် နိုင်ငံသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ၂၀၁၅ ရွေးကောက်ပွဲဝင် ပြည်သူ့ ကိုယ်စားလှယ်လောင်း အချို့၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် မီဒီယာသမား အချို့ကို အထူး ကျေးဇူးတင်ရှိပါသည်။

Tomorrow

0 comments:

Post a Comment