Wednesday, October 21, 2015

အညာဒေသရှိ မြို့ကြီးများတွင် NLD အားသာပြီး ကျေးလက်တွင် USDP ပါတီ အားသာနေဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ သုံးသပ်


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အညာဒေသ၌ NLD ပါတီသည် မြို့ကြီးများတွင် အားသာလျက်ရှိပြီး ကျေးလက်ဒေများတွင် လက်ရှိ အာဏာရပါတီက ပိုမိုအားသာနေကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများ၏ သုံးသပ်ချက်များအရ သိရသည်။အညာဒေသတွင် NLD ပါတီကို ပုဂံညောင်ဦးတို့တွင် ထောက်ခံအားပေးမှု များပြားသော်လည်း မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ၊ မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် လက်ရှိ အာဏာရပါတီက အားသာနေကြောင်းနှင့် ထိုသို့ အာဏာရပါတီက အားသာရခြင်းမှာ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် လမ်းခင်းပေးခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။

“အခုဆို လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးတယ်။ ကျေးရွာလုံးကျွတ် လျှပ်စစ်မီးလင်းရေး လုပ်သွားတယ်။ ကျွန်တော်တို့က အများကြီးတော့ မကြည့်တတ်ပါဘူး။ ရေရှည်ကိုလည်း မမျှော်တတ်ဘူး။ စားဝတ်နေရေး အတွက်ပဲ လုံးပန်းနေရတာ။ လက်ရှိရွာမှာ ဒါလေးတွေ လာလုပ်ပေးသွားတော့ ပြည်ခိုင်ဖြိုးကို မဲပေးကြမှာပါ”ဟု မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များသည် လူထုထောက်ခံမှု တခဲနက်ရရှိကာ အောင်မြင်လျက် ရှိသဖြင့် အတိုက်အခံပါတီ အနေဖြင့် အစိုးရ ဖွဲ့နိုင်ရေးအတွက် မျှော်လင့်နိုင်သော အခြေအနေ ရှိနေကြောင်း သိရသည်။

“ကျွန်မတို့ကတော့ NLDကိုပဲ မဲပေးမှာပါ။ အပြောင်းအလဲတွေကို မျှော်လင့်ပါတယ်။ တော်တော် များများလည်း NLDကို ထောက်ခံကြပါတယ်။ ပြည်ခိုင်ဖြိုး ပေးမယ့်သူတွေလည်း ရှိမှာပါ။ ဒါကတော့ သူ့အကြိုက် ကိုယ့်အကြိုက်ပေါ့ရှင်။ ဘယ်တူနိုင်ပါ့မလဲ။ ညောင်ဦး မြို့နယ်မှာတော့ NLD အားကောင်းတယ်”ဟု ပုဂံညောင်ဦး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများ၏ သုံးသပ်ချက်များအရ ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီပေါင်း ၉၀ကျော်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ရှိသော်လည်း အာဏာရပါတီ ဖြစ်သည့် ပြည်ခိုင်ဖြိုး ပါတီနှင့် NLDပါတီတို့သာ အဓိက ယှဉ်ပြိုင်ရမည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် ပါတီများစွာ ၀င်ရောက်ယှဉ်ပြိုင်မှု ရှိသော်လည်း အဓိက ပါတီကြီး နှစ်ခုကို လေ့လာစောင့်ကြည့် အကဲခတ်နေသူ များပြားပြီး စိတ်ဝင်စားသူ များပြားသည်။ ယင်းကြောင့် ရွေးကောက်ပွဲ ကာလတွင်လည်း မြို့ပေါ် မဲဆန္ဒနယ်များတွင် သာမက ကျေးလက် ဒေသများကိုလည်း လေ့လာစောင့်ကြည့်ရမည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆိုသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်ရန် နီးကပ်လာချိန်တွင် နိုင်ငံရေး ပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။

စုမေ
Tomorrows

0 comments:

Post a Comment