Saturday, October 17, 2015

အာဖဂန်မှ တပ်ဆုတ်ရေး ဖြည်းဖြည်းချင်း လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ပြောကြား


အာဖဂန်နိုင်ငံ၏ လုံခြုံရေး အခြေအနေ ဆိုးရွားလာခြင်းကြောင့် အမေရိကန် တပ်ဆုတ်ရေး အစီအစဉ်ကို ယခင်က စီစဉ်ထားသကဲ့သို့ မဟုတ်ဘဲ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ထုတ်ပြန်သွားသဖြင့် အာဖဂန်မှ တပ်ဆုတ်ရေးကို နောက်လာမည့် သမ္မတသစ်က တာဝန်ယူ လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။အာဖဂန်တပ်ဖွဲ့ဝင်များ စွမ်းရည်လိုအပ်သလောက် ခိုင်မာအားကောင်းခြင်း မရှိသလို လုံခြုံရေး အခြေအနေ ဆိုးရွားလာခြင်းကြောင့် ၂၀၁၆ ခုနှစ် တစ်လျှောက်လုံး အမေရိကန်တပ်ဖွဲ့ဝင် ၉,၈၀၀ အာဖဂန်၌ ဆက်လက်တပ်စွဲသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသွားသည်။

ကဘူးမြို့တော်ရှိ အမေရိကန်သံရုံးတွင် အခြေစိုက်မည့် အင်အားအနည်းငယ်သာ ရှိမည့် တပ်ဖွဲ့လေးမှတစ်ပါး ကျန်ရှိသည့် တပ်အင်အား အားလုံးကို ရာထူးမစွန့်ခင် ၂၀၁၇ ဇန်နဝါရီ မတိုင်ခင် ရုပ်သိမ်းရန် အိုဘားမားက ယခင်က ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း အစီအစဉ် အသစ်အရ ၂၀၁၇ ခုနစ်မှ စတင်ပြီး တပ်အင်အားကို ၅၅၀၀ ထိ လျှော့ချသွားမည်ဖြစ်ပြီး ယင်းတပ်အင်အားကို ကဘူး၊ ဘာဂရန်၊ ဂျလာလာဘတ်နှင့် ကန်ဒါယာ စစ်စခန်းများတွင် တပ်ဖြန့်ထားမည် ဖြစ်သည်။

တာလီဘန် အကြမ်းဖက်အုပ်စုက မြောက်ပိုင်းကို ကူဇန်မြို့ကို သိမ်းပိုက်လိုက်သလို အခြားသော ဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့များတွင် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အမေရိကန်တပ်များ ဆက်လက်တပ်စွဲရေး စစ်အကြံပေးများ၊ ရီပတ်ဘလစ်ကန်များနှင့် လုံခြုံရေးရာ အကြံပေးများက သမ္မတ အိုဘားမားကို ဖိအားပေးလျက်ရှိသည်။

ထို့အပြင် တပ်အင်အား အလျင်အမြန် လျှော့ချခြင်းကို ရီပတ်ဘလစ်ကန်များက ဝေဖန်လျက်ရှိပြီး အဆိုပြုထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၅၅၀၀ မှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရန်၊ လေ့ကျင့်ရေးနှင့် အကြံပေးရေး တာဝန်ထမ်းဆောင်ရန် မလုံလောက်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာ ကော်မတီဥက္ကဋ္ဌ ဂျွန်မက်ကိန်းက ဝေဖန်လိုက်သည်။

လက်ရှိ စစ်အင်အား ပမာဏကို စစ်မြေပြင်တွင် လက်တွေ့တိုက်ခိုက်နေသည့် တပ်မှူးများက အကြံပေးခဲ့ခြင်း မဖြစ်နိုင်ကြောင်း စစ်အင်အား မည်မျှထိ ထားရှိသင့်သည်ကို နောက်တက်မည် သမ္မတ ဆုံးဖြတ်သည်က ပိုမိုသင့်တော်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုလိုက်သည်။

သို့သော်လည်း လက်ရှိ သတ်မှတ်ထားသည့် ၅၅၀၀ ပမာဏမှာ လုံလောက်နေပြီ ဖြစ်ကြောင်း၊ အမေရိကန် မဟာမိတ်များကလည်း တပ်ဖွဲ့ဝင်များ ပေးအပ်ဦးမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အတ်ကာတာက တုံ့ပြန်သွားသည်။

အာဖဂန် တည်ငြိမ်ရေးသည် အမေရိကန် လုံခြုံရေးအတွက် အရေးကြီးသလို နိဂုံးမရှိသည့် စစ်ပွဲဆိုသည့် အချက်ကိုလည်း ထောက်ခံမည် မဟုတ်ကြောင်း၊ တပ်ဖွဲ့ဝင်များလုံး ရုပ်သိမ်းရေးကို နှောင့်နှေးအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ထုတ်ဖော်ပြောကြားသွားသည်။

၂၀၁၄ ခုနှစ် အဆုံးပိုင်းမှ စတင်ပြီး အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး တာဝန်များ ရပ်ဆိုင်းလိုက်ပြီး အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့်အကြံဉာဏ်ပေးရေးကိုသာ ထမ်းဆောင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment