Wednesday, October 21, 2015

၂၀၁၅ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်း ကြုံတွေ့နိုင်သော ပြဿနာများ -လက်စောင်းထက်


၂၀၁၅ခုနှစ် အောက်တိုဘာလ ၆ရက်နေ့က နိုင်ငံတော် သမ္မတဟာ ရေဒီယိုကနေ မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်။ ထိုမိန့်ခွန်းထဲမှာ နိုင်ငံတော် သမ္မတက “လာမယ့် ၅နှစ် အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတဲ့ Twonship Council, City council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနှင့် အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖြည့်စွက်ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြီးအကျယ် အောင်ပွဲခံမယ့် အနေအထားကို လျစ်လျူရှုပြီး လက်ရှိ အာဏာရပါတီနဲ့ အစိုးရကပဲ နောက်၅နှစ်သက်တမ်း အုပ်ချုပ်ရေး ယန္တရား ပုံစံသစ်ကို ချပြသွားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ နောက်အစိုးရ သက်တမ်း ၅နှစ်ကို ဆက်လက်ကိုင်တွယ် အုပ်ချုပ်သွားမယ်လို့လည်း အဓိပ္ပာယ် သက်ရောက်နေပါတယ်။ထိုနည်းတူစွာပဲ အောက်တိုဘာလ ၁၀ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် မှော်ဘီမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်းမှာ “ကျွန်မ တစ်ခု ပြောမယ်နော်။ သမ္မတ ဘယ်သူဖြစ်ဖြစ် NLD အစိုးရကို ဦးဆောင်မှာ ကျွန်မပဲ ဦးဆောင်မှာလို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်”လို့ ပြောဆိုခဲ့ပြန်ပါတယ်။ ဒီအချက်ကလည်း ပြည်သူတွေ အကြီးအကျယ် အားပေးထောက်ခံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ရင် အမည်စာရင်း တင်သွင်းရမယ့် သမ္မတကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် အစိုးရအဖွဲ့ကို နောက်ကွယ်ကနေ ဒေါ်အောင်ဆန်းစုကြည်က ကိုင်တွယ်ထိန်းကျောင်း သွားမယ့် ပုံစံကို ထုတ်ဖော် ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မထွက်ခင် ယခုလို ပြောကြားမှုဟာ အာဏာကို လက်မလွှတ်ချင်တဲ့ သူတွေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို စိုးရိမ်ပူပန် စေခဲ့ပါတယ်။ ဒါဟာနိုင်ငံရေး အပေါင်းလက္ခဏာ မဆောင်ဘဲ အနုတ်လက္ခဏာသာ ဆောင်ပါတယ်။ ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ ၁၉၉၀ နောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲအဖြစ် မြန်မာနိုင်ငံ သမိုင်းမှာ မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၇၂ခုကနေ အမတ်လောင်း ၆၀၇၂ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အဓိက နိုင်ငံရေး ပါတီကြီးကတော့ NLDနဲ့ ပြည်ခိုင်ဖြိုး နှစ်ခုပဲ ရှိပါတယ်။ NLDက ကိုယ်စားလှယ်လောင်း ၁၁၃၀ဦးနဲ့ ပြည်ခိုင်ဖြိုးက ၁၁၂၈ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ဒီပါတီနှစ်ခုက ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်း အရေအတွက်ဟာ တစ်နိုင်ငံလုံးရဲ့ ၃၇.၁၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ကိုယ်စားလှယ် ၁၀၀အထက် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီဟာ ၁၀ခုသာရှိပြီး ဒီပါတီ၁၀ခုက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၄၇၀၉ဦး ရှိတဲ့အတွက် စုစုပေါင်း ယှဉ်ပြိုင်မယ့် အမတ်လောင်း အရေအတွက်ထက် ၇၈ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ ဒါကြောင့် အနာဂတ် မြန်မာ့နိုင်ငံရေးကို ဖန်တီးမှာက ဒီ၁၀ပါတီသာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

NLDနဲ့ ပြည်ခိုင်ဖြိုးရဲ့ အဓိက အားပြိုင်မှုက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုတိယ သမ္မတလောင်း နှစ်ယောက်နဲ့ တပ်မတော်က တစ်ယောက်ထဲက သမ္မတကို ရွေးရမှာဖြစ်လို့ ၅၁ရာခိုင်နှုန်းနဲ့ တွက်စရာ မလိုပါဘူး။ တိုင်းရင်းသား ဒေသတွေမှာ အရွေးခံမယ့် ကိုယ်စားလှယ် ၂၀၇ဦးထဲမှာ ဒီပါတီကြီးနှစ်ခုကို ဘယ်နှစ်ယောက် ထောက်ခံမလဲဆိုတာ အဖြေဖြစ်ပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးရဲ့ မဲဆန္ဒနယ်မြေ အခြေအနေတွေကို ယေဘုယျကြည့်ရင် ပြည်မနဲ့ မြို့ကြီးတွေမှာ NLD အောင်ပွဲခံမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား ပါတီတွေ အားကောင်းတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် တွေမှာတော့ NLDနဲ့ ကြံ့ခိုင်ရေးဟာ ကံတရားက ပေးတဲ့ ဝေစုအနည်းအကျဉ်းသာ ရဖွယ်ရှိပါတယ်။ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်ရဲ့ အခြေအနေကတော့ ခန့်မှန်းရခက်ပြီး တိုင်းရင်းသားပါတီ အကွဲတွေကလည်း အများအပြား ရှိနေပါတယ်။ ဒါပေမဲ့ လူဦးရေ နည်းပြီး နိုင်ငံရေး အခြေအနေကို စိတ်ဝင်စားမှုနည်းတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်မှာ ပြည်ခိုင်ဖြိုးဟာ ကိုယ်စားလှယ် အရေအတွက် အများအပြား ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားလျက်ရှိပါတယ်။ ချင်းပြည်နယ်ရဲ့ အခြေအနေကိုတော့ ပြီးခဲ့တဲ့တစ်ပတ်က Tomorrowမှာ အသေးစိတ် ဖော်ပြပြီးသားဖြစ်လို့ အခု ကယားပြည်နယ် အခြေအနေကို ပြောချင်ပါတယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန် ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပြီး မရှေးမနှောင်းမှာပဲ ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတချို့ အာဏာရပါတီနဲ့ လမ်းခွဲသွားပါတယ်။ သူဟာ ကယား လူမျိုးဖြစ်လို့ သူ့ပြည်နယ်မှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်တယ်လို့ သိရပါတယ်။ အံ့သြစရာကောင်းတာက နိုင်ငံတော် သမ္မတရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံးလို့ သတင်းကြီးတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းဟာ ကယားပြည်နယ်က ဘော်လခဲနဲ့ ရှားတောမှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်ဖြစ်ပြီး ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ ၀င်တာဟာ နိုင်ငံရေး လှည့်ကွက်တွေရဲ့ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ နိုင်ငံတော် သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကယားပြည်နယ်ကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။ ဒါတွေကို လေ့လာကြည့်ရင် တိုင်းရင်းသားပါတီ အားမကောင်းတဲ့ ကယားပြည်နယ်မှာ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ် အရေအတွက် ပိုမိုရဖို့ ကျားကုတ်ကျားခဲ စည်းရုံးနေတယ်ဆိုတာ ထင်ရှားပါတယ်။ တစ်ချိန်တည်းမှာ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် လုပ်ထားတဲ့ ပြည်မပါတီတွေ၊ တိုင်းရင်းသားပါတီတွေ ဘယ်နှစ်ခုရှိတယ် ဆိုတာ မသိရသလို ပြည်သူတွေကလည်း ဒီပါတီအမည်တွေကို မသိပါဘူး။

ဒီဆောင်းပါးဟာ ရွေးကောက်ပွဲ အနိုင်အရှုံးကို ခန့်မှန်းချင်တာ မဟုတ်ဘဲ ရွေးကောက်ပွဲပြီး ဖြစ်လာမယ့် နိုင်ငံရေး ပြဿနာများကိုသာ တွက်ချက်ခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းမှာ ရွေးကောက်ပွဲကို အကြောင်းပြုပြီး လူသတ်ပွဲတွေ ဖြစ်ခဲ့တဲ့အထိ ပါလီမန် ဒီမိုကရေစီခေတ်က ကြုံဖူးပါတယ်။ နှစ်ပေါင်း၅၀ကျော် အကြာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အခင်းအကျင်းကတော့ ဆန်းသစ်မှုတွေ ရှိနေပါတယ်။ ဒါကတော့ မဲဆွယ်ပွဲကာလအတွင်း လူတွေသေတဲ့အထိ ပြိုင်ဆိုင်မှု မရှိပေမယ့် ဆိုရှယ်မီဒီယာ (အထူးသဖြင့် facebook)ကို အသုံးပြုပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပုပ်ချတာတွေ၊ လုပ်ကြံဖန်တီး ရေးသားတာတွေကို ရင်လေးဖွယ်ရာ တွေ့နေရပါတယ်။ အာဏာရပါတီနဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ တပ်မတော် အင်အားစုကို ထောက်ခံရေးသားပြီး ဒီမိုကရေစီ အင်အားစုကို အပုပ်ချလိုသူတွေ ရှိသလို ဒီမိုကရေစီ အင်အားစုဘက်ကလည်း တုံ့ပြန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ အခုဆိုရင် facebookပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကြောင့် ဖမ်းဆီးအရေးယူတာတွေ ရှိပြီး ယခင်က မဖမ်းဆီးခဲ့တဲ့ အတွက်လည်း အစိုးရကို ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ယခင်က ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုပ်ချတဲ့ အွန်လိုင်းပေါ်က အကောင့်တွေကို အရေးမယူဘဲ ရွေးကောက်ပွဲနီးမှ နိုင်ငံတော် သမ္မတနဲ့ တပ်မတော် ခေါင်းဆောင်ကို ဝေဖန်တိုက်ခိုက်မှ အရေးယူခြင်းဟာ အနာဂတ် ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးအတွက် အရေးကြီးတဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ယိုယွင်းပျက်စီးမှု အစလို့လည်း မှတ်ယူနိုင်ပါတယ်။ တစ်ပြိုင်နက်တည်း လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ နိုင်ငံတော် အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲမှာ NLDက အားတက်သရော မရှိခဲ့တာကလည်း အမျိုးသား ရင်ကြားစေ့ရေး အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပါတယ်။

တစ်ဖက်မှာ အာဏာရှင်စနစ်ကို အမုန်းကြီး မုန်းနေတဲ့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု တွေဟာ NLDအပေါ်ကို ပြိုကျလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို ပြောင်းလဲဖို့ ပြည်သူလူထုကို လိုအပ်တာထက် ပိုပြီး မျှော်လင့်ချက်တွေ ဖြစ်စေသလားဆိုတာ လက်တွေ့နဲ့ တိုင်းတာ ကြည့်နိုင်ပါတယ်။

အကယ်၍များ ၂၀၁၅ခု နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေ ရွေးကောက်ပွဲကြီး ပြီးသွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို နိုင်မှာလား။

အကယ်၍များ NLDဟာ ၆၅ ရာခိုင်နှုန်းရပြီး အစိုးရနဲ့ လွှတ်တော်ကို စိတ်ကြိုက် ဖွဲ့စည်းနိုင်တဲ့ အခြေအနေမှာ အာဏာ လွှဲပြောင်းရေးနဲ့ အုပ်ချုပ်ရေး ကိစ္စတွေ ချောချောမွေ့မွေ့ ဖြစ်မှာလား။

အကယ်၍များ NLDက အများစု အနိုင်ရရှိခဲ့ရင် နိုင်ငံတော် သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောမှာလား။

အကယ်၍များ NLDက ကိုယ်စားလှယ် အများစု နိုင်ပေမယ့် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အပြစ်ရှာပြီး ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းခံခဲ့ရရင် ဘယ်လိုကျော်လွှားမှာလဲ။

အကယ်၍များ ၃၀ရာခိုင်နှုန်းသာ မဲစာရင်း မှန်ပါတယ်ဆိုတဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုကြောင့် မဲစာရင်း မှားယွင်းမှုတွေ၊ ကြိုတင်မဲ အဆမတန် များပြားမှုတွေက ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်ဖြစ်စေခဲ့ရင် NLDက လက်ခံမှာလား။

အကယ်၍များ NLDက တောင်ပြိုကမ်းပြို အနိုင်မရခဲ့ရင် NLDကို အရမ်းမျှော်လင့်ခဲ့တဲ့ ပြည်သူလူထုတွေ၊ ထောက်ခံသူတွေရဲ့ ဒေါသတွေ ဘယ်မှာ ပေါက်ကွဲမှာလဲ။

အကယ်၍များ ရွေးကောက်ပွဲရဲ့ မဲပေးပုံစနစ် ရှုပ်ထွေးမှုကြောင့် ပြည်သူတွေရဲ့ မှန်ကန်စွာ ရွေးချယ်ခွင့်တွေ ဆုံးရှုံးပြီး လက်ရှိ အာဏာရပါတီသာ အနိုင်ရသွားခဲ့ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက ဘယ်လိုဖြစ်မှာလဲ။

မည်သို့ပင်ဖြစ်စေ ပြဿနာများ ဖြစ်လာပါက တိုင်းပြည်အာဏာကို ရယူရန် အသင့်စောင့်ဆိုင်းနေသော အဖွဲ့အစည်းတစ်ရပ် ရှိနေသည်ကို သတိထားပြီး ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ရန် နိုင်ငံရေး သမားတိုင်းမှာ တာဝန်ရှိပါတယ်။

လက်စောင်းထက်
Tomorrow

0 comments:

Post a Comment