Sunday, October 18, 2015

အကြွင်းမဲ့အာဏာရရှိရေး နှင့် ဒီမိုကရေစီအနိုင်ကျင့်မှု


စင်္ကာပူမှာ NLD backer တွေ အားကောင်းတယ်။ NLD ကို မဲပေးမှနိုင်ငံပြောင်းလဲမယ်ဆိုတဲ့အတွေးကိုလည်း စင်္ကာပူမြန်မာတွေကြားထဲ သွေးထိုးထားတယ်။ NLD မဲမပေးရင် အသိုင်းအဝန်းတစ်ခုအပြင်ဘက်ကလူလိုလို၊ ဖဲကျဉ်သလိုလို လုပ်လာတာတွေလည်း ရှိလာတယ်။ ဒီလိုအနေအထားမှာ "စင်္ကာပူမှာ အမေစုမှ အမေစုပဲ။ NLD က လွဲလို့ မဲပေးသူမရှိဘူး" လို့ မြင်ထားကြတယ်။ မဲဆန္ဒပေးတဲ့အခါမှာလည်း NLD ပဲ အင်အားကောင်းတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပထမယူဆထားသလို NLD ချည်း မဲထည့်ကြတာတော့ မဟုတ်ဖူး။ NDF ကို မဲထည့်ခဲ့တယ်တို့၊ သမ္မတကြီးကို အားပေးခဲ့တယ်တို့ ဆိုတဲ့သူတွေ အရေအတွက်တစ်ခုအထိ ရှိလာတယ်။ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတာကို လက်မခံနိုင်တဲ့သူတွေရှိတယ်။ လူတိုင်းက အာခံတတ်တဲ့ စိတ်ရှိတယ်မဟုတ်လား။ စစ်အစိုးရကိုမကြိုက်လို့ NLD ကို အားပေးချင်ပေမယ့် ခုလို ဒီမိုကရေစီအနိုင်ကျင့်မှုတွေကို ရွဲ့ပြီး NLD ကို အာခံချင်တဲ့သူတွေလည်း ရှိလာတယ်လို့ ကြားသိနေရပြန်တယ်။ NLD ရဲ့ ဝါဒက အကြွင်းမဲ့အာဏာရရှိရေး (absolutism) ဆိုတော့ ဒီမိုကရေစီအနိုင်ကျင့်မှုက ရှိကိုရှိလာမှာဖြစ်ပြီး အနိုင်ကျင့်မှုကို အာခံတဲ့သူတွေလည်း ရှိကိုရှိလာမှာဖြစ်တယ်။ NDF ကြိုက်လို့၊ သမ္မတကြီးကြိုက်လို့ ထက် အနိုင်ကျင့်မှုတွေကို မခံချင်လို့ vote မှာ လွတ်လပ်စွာကိုယ်ကြိုက်ရာပေးခွင့်ရှိတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်။

NLD အနေနဲ့ NLD က တစ်ယောက် သမ္မတဖြစ်နိုင်ဖို့ လွှတ်တော်တွင်းထိုင်ခုံ ၃၃၃ ခုံမှာ NLD လူတွေ ရှိနေဖို့လိုတယ်။ ဒါ့ကြောင့် ၃၃၃ ခုံ ပြည့်မီရေး အပေါစားနိုင်ငံရေးတွေပါ လုပ်လာတယ်။ မလုပ်သင့်တဲ့အမှားတွေဖြစ်တဲ့ တိုင်းရင်းသားနယ်တွေမှာ မဲဝင်လုတာတွေ လုပ်ဆောင်လာတယ်။ ပြည်သူတွေအတွက် မစဉ်းစားဘဲ ကိုယ့်ပါတီကိုသစ္စာရှိရေးသာစဉ်းစားကာ တကယ်အရည်အချင်းရှိသူတွေကို (ပြည်သူ့အရေးကိုဦးစားပေးပြီး ပါတီကို ကာပြန်မှာကြောက်လို့) အမတ်လောင်းမရွေးဘဲ အရည်အချင်းမဲ့ ထားရာနေစေရာသွားတွေကို ရွေးချယ်တာတွေ ရှိခဲ့တယ်။ တကယ်အရည်အချင်းရှိသူတွေက တစ်သီးပုဂ္ဂလတွေအဖြစ် အရွေးခံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တစ်သီးပုဂ္ဂလတွေကို မဲမပေးဖို့ ပြောခဲ့တယ်။

ဒါတွေက NLD အာဏာရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင်မှ သူ့ image ကို အသုံးချပြီး မလုပ်သင့်တဲ့ ဖိအားပေးမှုတွေ လုပ်နေတယ်၊ ဒီမိုကရေစီအနိုင်ကျင့်မှုတွေ လုပ်နေတယ်ဆိုတဲ့အကြောင်းပါ။ စာရေးသူ မိတ်ဆွေတစ်ဦးက တိုင်ပင်ပါတယ်။ သူ့ကို အိမ်နီးချင်း NLD ပါတီဝင်တစ်ဦးက ပြောနေပါတယ် တဲ့။ "NLD ကိုမှ မဲမထည့်ရင် ခင်ဗျား နိုင်ငံအပြောင်းအလဲမှာ ကျန်ခဲ့ပါပြီ၊ လူမပီသတော့ဘူး" တဲ့။ "အမှန်အတိုင်းပြောရရင် ကျွန်တော်က NLD ကို မကြိုက်ဖူး၊ ဒါပေမယ့် အပြောင်းအလဲတော့ ဖြစ်စေချင်တယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲ" လို့ ဆိုလာပါတယ်။ ဒီလိုပဲ ဖြေလိုက်ပါတယ်။ "မဲဆိုတာ စည်းရုံးပိုင်ခွင့်ရှိတယ်။ သို့သော် ကိုယ်ကြိုက်မှ ထည့်လို့ရတယ်။ ဆွယ်ပိုင်ခွင့်ပဲရှိတယ်။ coercion မရှိဘူး။ ဒီတော့ NLD ကို ကြိုက်ရင်ထည့်၊ မကြိုက်ရင်မထည့်နဲ့ပေါ့ဗျာ" လို့ပဲ အကြံပေးလိုက်တယ်။

နေရာတကာမှာ ဒီလို coercion တွေ တွေ့နေရတယ်။ စက်တင်ဘာလလည်လောက်က ကျွန်တော် အလုပ်ကိစ္စပြီးလို့ ရပ်ထားတဲ့ ကျွန်တော့ကားဆီပြန်အလာမှာ ကျွန်တော့်ကားကို NLD ဝတ်စုံနှင့်လူတစ်ယောက် စတစ်ကာ ကပ်နေတယ်။ ကပ်တဲ့သူကြည့်လိုက်တော့ အသက် ၅၀ ကျော်လောက်။ ကိုယ့်အဖေအရွယ်ဆိုတော့ ရိုရိုသေသေပဲ ပြောပါတယ်။ "အကိုကြီးဗျာ ကပ်ချင်တယ်ဆို ကျွန်တော့ပြောမှပေါ့၊ ကျွန်တော်က မှန်ပေါ်ကပ်တာ မကြိုက်ဖူးဗျ"။ ကျွန်တော့်မျက်နှာကို ပြူးပြူးကြီးကြည့်ပြီး ဒီလိုပြောတယ်။ "မင်း အမေစု မချစ်ဖူးလား။ မင်း အမေစုကိုချစ်ရင် မင်းကား ဘယ်နေရာဖြစ်ဖြစ် စတစ်ကာကပ်တာ လက်ခံနိုင်ရမှာပေါ့"။ စိတ်ထဲ တမျိုးတမည်ဖြစ်သွားပေမယ့် ဘာမှပြန်မပြောခဲ့တော့ဘူး။

ဒီလို ဒီမိုကရေစီအနိုင်ကျင့်မှုတွေကို NLD ထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင်တွေလည်း လုပ်နေတာ တွေ့ရတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေမှာ အနုပညာအားပေးသူပရိသတ်ရှိတယ်။ NLD လည်း မသိ၊ ပြည်ခိုင်ဖြိုးလည်းမသိ၊ NDF လည်းမသိသူတွေ ဒုနှင့်ဒေး။ ဒါတွေက သူတို့အားပေးသူအနုပညာရှင်ရဲ့စကားကို မြတ်နိုးတန်ဖိုးထား လိုက်နာသူတွေ။ ဒါကို အခွင့်ကောင်းယူအသုံးချပြီး "ထမင်းစားတဲ့သူဖြစ်ရင် NLD ကို မဲထည့်ပါ" တို့၊ "NLD မှ မဲမထည့်ရင် ဂျိုပေါက်တဲ့သူ" တို့ စသည်ဖြင့် အပေါစားဆန်တဲ့ စကားလုံးတွေနှင့် ကိုယ့်ပရိသတ်အားကို အသုံးချပြီး ဒီမိုကရေစီအနိုင်ကျင့်မှုတွေ လုပ်လာကြတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် မဲဆွယ်စည်းရုံးမှုထိရောက်တယ်လို့လည်း ယူဆကြပုံ ပေါ်တယ်။ NLD မဲဆွယ်ပွဲတွေမှာ NLD မှ ဘယ်လိုမူဝါဒတွေ ချမှတ်ထာတဲ့အကြောင်းထက် "အမေစုကိုချစ်ရင် NLD ကို အားပေးကြပါ" ဆိုတာက အများသုံးမဲဆွယ်စကားလုံးဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံကြီးကို ချိတ်ထားပြီး NLD သည် ဗိုလ်ချုပ်အောင်ဆန်းပဲတည်ထောင်ထားတဲ့ပါတီဖြစ်သယောင်ယောင်တွေ ဖန်တီးထားကြတယ်။ ဒီလို အပေါစားနိုင်ငံရေး၊ ဒီမိုကရေစီအနိုင်ကျင့်မှုတွေနှင့် ထိုင်ခုံ ၃၃၃ ခုံ ပြည့်မီအောင် ကြိုးစားနေကြတယ်။

လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီအပြည့်အဝမရသေးဘူးလို့ ဆိုကြတယ်။ လက်ခံပါတယ်။ ထို့အတူ မေးခွန်းရှိလာတာက NLD အာဏာရရင်ရော ဒီမိုကရေစီ စစ်မှာလား?

စစ်အစိုးရရဲ့ အာဏာရှင်စနစ်ကို တော်လှန်ဖို့ ဒီမိုကရေစီစနစ်ကို သွားကြတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဒီမိုကရေစီစံနှုန်းတွေ မပြည့်မီဘူး။ ဒီမိုကရေစီမစစ်မှန်ဘူး။ လက်ရှိ အတိုက်အခံလျှောက်လှမ်းနေတဲ့ပုံစံကလည်း ထိုနည်းနှင်နှင်ပဲ ဖြစ်နေတယ်။

အတိုက်အခံပါတီရဲ့ လက်ရှိမူဝါဒအရ ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို အာဏာအလုံးစုံလွှဲအပ်ရေး၊ အာဏာကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက ဆုပ်ကိုင်ထားရေးဖြစ်တယ်။ ဒါဟာ တနည်းအားဖြင့် ဒီမိုကရေစီအမည်ခံပြီး အာဏာရှင်စနစ်ကို သွားတာပဲဖြစ်တယ်။ အာဏာရှင်ကို တော်လှန်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်လည်း အာဏာရှင်ဖြစ်သွားတတ်တယ်ဆိုတဲ့အချက်ကို သတိမူသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ်စရိုက်ကိုက အာဏာရှင်ဆန်တယ်လို့ ဝေဖနမှုများ ရှိပါတယ်။ ပါတီတွင်းကိစ္စတွေမှာ အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ခဲ့ကြတာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် NLD အာဏာရလာရင် ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်ဖြစ်လာမယ်ဆိုတဲ့ အမြင်တွေလည်းရှိကြပါတယ်။

အာဏာရှင်စနစ်အောက်မှာ လွှတ်တော်သည် အဲကွန်းလွှတ်ထားတဲ့ အလုံပိတ်အခန်းတစ်ခန်းဆိုတဲ့အနေအထားထက် ပိုမှာမဟုတ်ပါဘူး။ NLD အမတ်တွေသည်လည်း NLD မှ တစ်ယောက် သမ္မတဖြစ်ရေးမှာ မဲပေးရာ၌သာ အသုံးဝင်ပြီး ကျန်အချိန်တွေမှာတော့ ရပ်ကွက်မီးသတ်လောက်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး။ NLD ရဲ့ မူဝါဒက အာဏာရရှိရေးကို အမျိုးသမီးလက်ကိုင်အိပ်အကောင်းစားလို့ သဘောထားပါတယ်။ NLD လွှတ်တော်အမတ်တွေကိုတော့ စက္က္ကူစုတ်တွေလို သဘောထားပါတယ်။ လက်ကိုင်အိပ်က ကောင်းနေရင် လက်ကိုင်အိပ်ထဲ စက္ကူစုတ်ထည့်ထားလဲ မြင်ရတာမဟုတ်လို့ အသုံးဝင်တယ်လို့ တွက်ပါတယ်။ သာမန်အရေးအကြောင်းမရှိရင် အသုံးဝင်နိုင်ပေမယ့် ပြဿနာတစ်စုံတစ်ရာမှရှိရင် စက္ကူစုတ်တွေက မဖြေရှင်းနိုင်ပါဘူး။ တန်ဖိုးရှိ ငွေကြေးစက္ကူတွေကသာ ဖြေရှင်းနိုင်မှာပါ။ လွှတ်တော်တွင်းမှာဆိုရင်လည်း စက္ကုစုတ်နှင့်တူတဲ့ NLD အမတ်တွေက ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အရည်အချင်းရှိ အမတ်တွေဖြစ်ရင်သာ ဖြေရှင်းနိုင်မှာပါ။

မိမိတို့အနေနဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုများက ရုန်းထွက်ပြီး ပါတီစွဲမထားဘဲ မိမိတို့ဒေသ၊ နိုင်ငံ၊ လူမျိုးကို အကျိုးပြုနိုင်မယ့် အရည်အချင်းရှိအမတ်လောင်းများကို ရွေးချယ်ကြပါလို့ အကြံပြုလိုက်ပါတယ်။

Credit>>>Soe Moe Hlaing

0 comments:

Post a Comment