Saturday, October 17, 2015

NCA အလွန် KIO/KIA နဲ့ အပေါင်းအပါ လက်နက်ကိုင်တို့ရဲ့လားရာ


ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် အခြေခံဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ NCA ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် NCA မထိုးရသေးတဲ့ လက်နက်ကိုင် ၇ ဖွဲ့ကျန်နေသေးပြီး အဓိကခေါင်းဆောင်နေတာ ကတော့ KIO/KIA အဖွဲ့ပဲ ဖြစ်ပါတယ်။NCA မထိုးတဲ့ လက်နက်ကိုင်တွေဟာ ငြိမ်းချမ်းရေးကို တကယ်မလိုလားတဲ့ အဖွဲ့အစည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကချင်တိုက်ပွဲတွေကို ကြည့်ရအောင်ပါ။ ဖားကန့်မြို့ပေါ်မှာတောင် အစိုးရတပ်ကို KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တယ်၊ ဖားကန့်ဆိုတာ KIA ရဲ့ ထိန်းချုပ်နယ်မြေ မဟုတ်ပါဘူး။ ပြီးတော့ ကျောက်မျက်ကုမ္ပဏီတွေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်သူတွေနေတဲ့ နေရာပါ။ အစိုးရ တပ်တွေက နယ်မြေဒေသ လုံခြုံရေးအရ ဖားကန့်ဒေသမှာ လှုပ်ရှားသွားလာနေရတာပါ။ တိုက်ပွဲဖြစ်နေတာတောင် မြို့ခံ ပြည်သူတွေ၊ နယ်ပေါင်းစုံက လာပြီး ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ စည်ကားတဲ့ မြို့ပါ။ ဒါကို KIA က ဘာဖြစ်လို့ ကျောက်မျက်ကုမ္ပဏီဝန်းတွေကို မိုင်းဆွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးရတာလဲ။ အပြစ်မဲ့ ပြည်သူတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ထိမှန်ကုန်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလို သရဲဘောကြောင်တဲ့ အလုပ်တွေကို ကျူးလွန်တိုင်း KIA က ဘယ်တော့မှ ၀န်မခံခဲ့ပါဘူး။

KIA အဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကိုတောင် လက်မှတ် မရေးထိုးရသေးပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ထိုးခွင့် အစိုးရက ပေးခဲ့တာတောင် မထိုးဖို့ ငြင်းဆန်ကတည်းက မရိုးသားဘူးဆိုတာ ပေါ်လွင်ပါတယ်။ ပြီးတော့ NCCT မှာ ဂွမ်မော်က ဒုဥက္ကဋ္ဌ ရာထူးယူထားသလို UNFC မှာ ဥက္ကဋ္ဌအဖြစ် KIO ဒုဥက္ကဋ္ဌ အင်ဘန်လက တာဝန်ယူ ထားလေတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သူတို့ကြောင့် နှောင့်နှေးနေရခြင်းလား တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NCCT နဲ့ အစိုးရ ကြား အဓိက သဘောထားကွဲလွဲခဲ့တဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အပစ်ရပ်စာချုပ်မှာ ထည့်သွင်း လက်မှတ်ထိုးရေးကိစ္စက သက်သေပြနေပါတယ်။

“ သာမန်ကြည့်ရင်တော့ ကိုးကန့်ဒေသအချုပ်အခြာကို MNDAA က တိုက်ခိုက်ထိပါးတယ်၊ TNLA က တအာင်းဒေသမှာ လူသစ်စု၊ ဆက်ကြေးကောက်၊ လားရှိုး-မူဆယ်လမ်းမှာ ကားတွေတား ငွေတောင်းလို့ အစိုးရတပ်က လိုက်ရှင်းရင်း တိုက်ပွဲ ဖြစ်တယ်၊ AA ကလည်း ရခိုင်နယ်စပ်မှာ အစိုးရတပ်တွေကို စတိုက်လို့ တိုက်ပွဲ ဖြစ်ရတယ်။ ဒါ့ကြောင့် ဒီ ၃ ဖွဲ့ကို အစိုးရက ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ မထည့်ချင်ဘူး။ ဒါပေမယ့် NCCT က ထည့်ဖို့ ပြောတယ်။ NCCT ဆိုတာကလည်း KIA ကြိုးကိုင်ခံနေရလေတော့ အပစ်ရပ်ကိစ္စကို အချိန်ဆွဲထားမှာပဲလေ၊ တကယ်တော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ခလောက်ဆန် အကောက်ကြံနေတာ KIA ပဲဗျ၊ သူ့နယ်မြေထဲမှာ အစောကပြောတဲ့ အဖွဲ့တွေကို လက်ခံထားတာ၊ ပြီးရင် FUA ဆိုပြီးတော့တောင် ဖွဲ့လိုက်သေးတယ်၊ NCA မထိုးတဲ့ လက်နက်ကိုင် ၇ ဖွဲ့ဟာ KIA ရဲ့ ၀ါဒမှိုင်းတွေမိပြီး ကျန်ရစ်ခဲ့တာ” လို့ ကချင်အရေး လေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးက ပြောပါတယ်။

ကိုးကန့်ဒေသကို ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ တိုက်ခိုက်ရာမှာ TNLA နဲ့ AA နှစ်ဖွဲ့က ပါဝင် ကူညီ တိုက်ခိုက်ပေးခဲ့တာ အမှန်ပါ။ အဲဒီ TNLA နဲ့ AA ဆိုတာ ဘာမှ မဖြစ်စလောက် အင်အားနဲ့ အဖွဲ့လေးတွေသာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ဖွဲ့ဟာ KIA ကြိုးဆွဲရာ ကနေတဲ့ ရုပ်သေးရုပ်အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါကြောင့် MNDAA ကို TNLA နဲ့ AA တို့ ကူတိုက်ပေးတာဟာ နောက်ကွယ်က KIA ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ KIA မခိုင်းဘဲနဲ့ အဲဒီနှစ်ဖွဲ့က MNDAA ကို အသားလွတ် ကူတိုက်ပေးမှာ မဟုတ်ပါဘူး။ တကယ်တော့ KIA ဟာ လိုင်ဇာမှာ TNLA နဲ့ AA သာမက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ လက်ခံထားပြီး ဗိုလ်သင်တန်းကျောင်းတောင် ဖွင့်ပေးထားပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ကမောက်ကမ ဖြစ်အောင် ဖန်တီးနေတာ KIA ဆိုတာ ပေါ်လွင်နေပါတယ်။

“ အဓိက ကတော့ KIA က ဆရာကြီး လုပ်နေတာ၊ နောက်ကွယ်ကနေ ကြိုးကိုင်နေတာပေါ့ဗျာ ၊ TNLA တို့ AA တို့ဆိုတာ ဘာမှ မဟုတ်တဲ့ အဖွဲ့လေးတွေ၊ KIA မြှောက်ပေးပြီး ငွေပေးခိုင်းစားတာကို ခံနေရတာ၊ UNFC နဲ့ NCCT မှာလည်း KIA ကပဲ လူစွာလုပ်နေတာလေ၊ အပစ်ရပ်ရေးကိစ္စမှာ KIA ကြောင့် ၇ ဖွဲ့ မပါတာဆိုရင် ပိုမှန်လိမ့်မယ်၊ အရင်တုန်းက လိုင်ဇာကို နိုင်ငံတော်သမ္မတ မသိမ်းခိုင်းလို့ အစိုးရတပ်တွေက သိမ်းခါနီးမှ ရပ်လိုက်ရတာ၊ အခုတော့ KIA က လူစွာလုပ်နေပြီ။ အဲဒီအချိန်တုန်းက သိမ်းလိုက်ရင် KIA ဆိုတာ နိဂုံးချုပ်သွားမယ်။ လက်ရှိ အခြေအနေတွေအရ KIA ကို အပြုတ်တိုက်မှ ရမယ်၊ ရှင်းရှင်းပြောရရင် KIA ကို အပြုတ်တိုက်မှ ငြိမ်းချမ်းရေးရမယ်၊ KIA ကို တိုက်လိုက်ရင် ကျန်တဲ့ ၆ ဖွဲ့ဟာလည်း သူတို့ အခြေအနေ သူတို့သိပြီး NCA ထိုးလာနိုင်ပါတယ်။ အခု NCA ထိုးတဲ့ ၈ ဖွဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ သွားတော့မယ်၊ NCA အလွန် KIO/KIA နဲ့ အပေါင်းအပါ လက်နက်ကိုင်တစ်စုရဲ့ လားရာကတော့ ဒေသခံပြည်သူတွေကို အသုံးချပြီး တိုက်ပွဲတွေဖြစ်အောင် ဖန်တီးဖို့ကလွဲပြီး အခြားမဖြစ်နိုင်ပါဘူး ” လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူ တစ်ဦးက ပြောကြားသွားပါတယ်။

ဇော်လင်းအောင်
Daily News

0 comments:

Post a Comment