Monday, October 26, 2015

ချစ်သူမိန်းခလေးကို သံကြိုးများဖြင့် ချုပ်နှောင်ကာ ရိုက်နှက်နှိပ်စက် ပေါင်းသင်းခဲ့သူကို ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ စိန်ချယ်လမ်းတွင် အောက်တိုဘာ ၂၅ ရက် ညပိုင်းက အသက် ၁၈ နှစ် အရွယ်ရှိ အမျိုးသမီးကို နေအိမ်အခန်းအတွင်း ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ သံကြိုးများဖြင့် ချုပ်နှောင်၍ ရိုက်နှက်နှိပ်စက်ပြီး အဓမ္မပြုကျင့် ပေါင်းသင်းခဲ့သည့် အသက် ၃၂ နှစ် အရွယ်ရှိ အမျိုးသားကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။“ချစ်သူနောက် လိုက်လာတဲ့ မိန်းခလေးကို သူ့ရည်းစားဖြစ်သူက နေအိမ်ထဲမှာ သံကြိုးခတ်ချည်နှောင်ပြီး ရိုက်နှက်ပေါင်းသင်းခဲ့တာ၊ တစ်လလောက်ကြာမှ သံကြိုးခတ်ထားတာတွေ ပြန်ဖြေပေးခဲ့တာကြောင့် ကောင်မလေး က ဖုန်းခိုးယူပြီး သူ့အမေဆီ ဖုန်းဆက် အကြောင်းကြားခဲ့လို့ ပြန်ကယ်ထုတ်နိုင်ခဲ့တာ” ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေအိမ်အတွင်း တစ်လခန့်အကြာ သံကြိုးများဖြင့် ချုပ်နှောင်၍ ရိုက်နှက်နှိပ်စက်ခံရသူအမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် ညပိုင်းက အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ ၎င်းအလုပ်လုပ်နေသော ယာဉ်လက်မှတ်အရောင်းဌာနမှ နေအိမ်အပြန် တစ်ရပ်ကွက်တည်း နေထိုင်သော အသက် ၃၂ နှစ် အရွယ်ရှိ ၎င်း၏ ချစ်သူ ဦးကျော်လင်းထွေး၏ နေအိမ်သို့ ခိုးရာ လိုက်ပြေးခဲ့ရာမှ နှိပ်စက်ခံရခြင်းဖြစ်ကြောင်း (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ကောင်မလေး အလုပ်ပြန်လာချိန်သူ့အိမ်လိုက်ခဲ့ဖို့ ခေါ်သွားတယ်။ အိမ်ရောက်တော့ သားမယားအဖြစ် ပေါင်းသင်းခဲ့ပြီး ကောင်မလေးက မိဘတွေအိမ် ပြန်ပို့ပေးဖို့ပြောခဲ့ရာက သံကြိုးတွေနဲ့ အခန်းထဲမှာ ချည်နှောင်ပြီး နေ့စဉ် ရိုက်နှက်နှိပ်စက်ခဲ့တာလို့ ကောင်မလေးရဲ့ ပြောပြချက်အရ သိရတယ်။ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှုပါ အမှုဖွင့်ဖို့ စီစဉ်နေပါတယ် ”ဟု မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ချစ်သူမိန်းကလေးကို ခိုးယူပေါင်းသင်းပြီး နေအိမ်အတွင်း သံကြိုးများဖြင့် ချုပ်နှောင်ကာ လက်သီးဖြင့် ထိုးခြင်း၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက်မွေးဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့သော အမျိုးသားကို မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေ ရဲစခန်းမှ (ပ) ၅၃၂/၁၅၊ ပုဒ်မ ၃၆၅၊ ၃၂၅၊ ၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင် ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ အမှုလာဖွင့်တဲ့နေ့မှာပဲ ကောင်မလေးကို ပြန်ကယ်ထုတ်ခဲ့ပြီး သူ့တိုင်ကြားချက်တွေ အပြည့်အဝ မှန် မမှန်ကို လတ်တလောမှာ အသေးစိတ် စစ်ဆေးနေတယ်၊ ကောင်မလေးရဲ့ မျက်နှာမှာတော့ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေတော့ ရှိတယ်၊ ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ဝေဘာဂီနယ်မြေရဲစခန်းမှူးရဲအုပ် မြင့်လွင်က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment