Tuesday, October 20, 2015

ကြံ့ခိုင်ရေးပါတီ မဲဝယ်ခြင်း ဆိုသည်မှာ လူသားတစ်ယောက်အနေဖြင့် တွေးပါက မဖြစ်နိုင်ကြောင်း ဦးတင်အေးပြောကြား


ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဝယ်ခြင်းဆိုသည်မှာ လူသားတစ်ယောက်အနေဖြင့် တွေးကြည့်ပါက မဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ဆိုက်ကားနင်းသူများထံ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီက မဲဝယ်ကြောင်း ဒေသခံ တစ်ဦး၏ အမြင်ကို အောက်တိုဘာလ ၁၈ ရက်နေတွင် BBC သတင်းဌာနက ထုတ်လွှင့်ခဲ့သည် ဆိုသော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၎င်းကယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးပါတီက မဲတွေလိုက်ဝယ်တယ်ဆိုတာက ဒါ လူသားတစ်ယောက်အနေနဲ့ဆို မဖြစ်နိုင်ဘူးဆိုတာ သိသာတယ်၊ NLD အလံ စိုက်ထားတဲ့ ဆိုက်ကားဆရာကို မဲသွား ဝယ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်မှ မဖြစ်နိုင်တာ” ဟု ဦးတင်အေးက ဆိုသည်။

BBC သတင်းဌာန၏ အောက်တိုဘာလ ၁၈ ရက်နေ့ သတင်းထုတ်လွှင့်မှုတွင် လှိုင်သာယာမြို့နယ်နေ ကိုအောင် ဆိုသူက ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီသည် ပိုက်ဆံများပေး၍ မဲဆွယ်လျက်ရှိကြောင်း ထုတ်လွှင့်ခဲ့သည်။

ထို့အပြင် BBC သတင်းတွင် ကိုအောင်၏ ပြောဆိုချက်၌ ၎င်းတို့အနေဖြင့် NLD အလံကို ဆိုက်ကားများတွင် စိုက်ထားကာ NLD ပါတီ နှဖူးစည်းများကို စည်းထားပြီး NLD ပါတီ အစိုးရ ဖွဲ့နိုင်ရေးကို မျှော်လင့် ကြောင်း ပါရှိသည်။

ယင်းသို့သော သတင်းထုတ်လွှင့်မှု နှင့် ပတ်သက်ပြီး NLD ပါတီ အလံကို ထောင်ထားပြီး နှဖူးစည်း စည်းထားသူများကို အခြားပါတီ တစ်ခုမှ ငွေပေးမဲဆွယ်စည်းရုံးမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။

ထို့အပြင် ငွေပေးစည်းရုံးသည် ဆိုပါကလည်း သိက္ခာချလို၍ လုပ်ကြံဆောင်ရွက်ချက်ဖြစ်သည်ဟု ယူဆရပြီး သတင်းမီဒီယာများ အနေနှင့် မတိကျ မမှန်ကန် ဘက်လိုက်သော သတင်းထုတ်လွှင့်ချက်များသည် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို ထိခိုက်လာစေနိုင်သည်ဟု ယူဆကြောင်း လည်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့သော်လည်း BBC ၏ သတင်းထုတ်လွှင့်မှု နှင့် သက်ဆိုင်သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ က တုံ့ပြန်ခြင်း မဟုတ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ကြားဝင်ဖြေရှင်းခြင်းအပေါ် နိုင်ငံရေးပါတီ များ နှင့် သတင်းမီဒီယာအဖွဲ့အစည်းအချို့က ဝေဖန်ခဲ့ကြသည်။

The Voice Weekly

0 comments:

Post a Comment