Thursday, October 29, 2015

သမိုင်းလမ်းဆုံယာဉ်တိုက်မှု တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားလမ်းပေါ်တွင် ရှင်းလင်းနေစဉ် (ဓာတ်ပုံ − နစ်ကီ)

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် အောက်တိုဘာ ၂၉ ရက် ည ၇ နာရီခန့်၌ ၁၂၄ ယာဉ်လိုင်းမှခရီးသည်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ရှေ့မှကားများနှင့် လမ်းသွားလမ်းလာများကို တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရာအိမ်မှူး ဦးမျိုးမင်းသိန်းက ပြောသည်။‘‘၁၂၄ ကားက သမိုင်းလမ်း ဆုံမီးပွိုင့်ကို အောက်ကနေ အရှိန် နဲ့ မောင်းလာတာ၊ ဓာတ်တိုင်ကို ရှောင်လိုက်တော့ အရှိန်မထိန်းနိုင်ဘဲ အောက်မှာလမ်းလျှောက်နေ တဲ့လူတွေကို အကုန်တိုက်ပြီး ချိတ်ဆွဲသွားတာ။ ရှေ့က ကားတွေကို တိုက်မိပြီး အတိုက်ခံရတဲ့ ကားတစ်စီးက တုံးလုံးလဲသွားတယ်။ ပွဲချင်းပြီးသေတဲ့သူလည်း ရှိတယ်’’ဟု အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။ ဒဏ်ရာရ ရှိသူများတွင် လမ်းကူးသူများနှင့် အထည်ရောင်းချသူ အမျိုးသမီး တစ်ဦး ပါဝင်သည်။

ထိခိုက်ဒဏ်ရာရရှိသူများ အား အင်းစိန်ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပြီး တိုက် မိသည့်ကားများကို ကရိန်းကား များဖြင့် ဖယ်ရှားခဲ့သောကြောင့် ည ၇ နာရီခွဲတွင် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

‘‘အမျိုးသားသုံးယောက်မှာ နှစ်ယောက်က သတိမရသေးဘူး။လှိုင်သာယာက တစ်ယောက်က တော့ ထိခိုက်မှုသိပ်မရှိဘူး။ အမျိုးသမီးနှစ်ယောက်မှာ အဲဒီနေရာမှာ ဆေးလိပ်၊ ကွမ်းယာရောင်းတဲ့ ကောင်မလေး တစ်ယောက်က ခြေထောက်နည်းနည်း ထိသွား တယ်။ ကျန်တဲ့တစ်ယောက်ကတော့ ခြေထောက်နှစ်ဖက်စလုံး ထိခိုက်မိသွားတယ်။ သတိမရ သေးတဲ့ အမျိုးသားနှစ်ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေ အထားမှာရှိတယ်။ ကားတိုက်မှု ဖြစ်ဖြစ်ချင်းမှာ အမျိုးသားတစ်ဦး အဲဒီနေရာမှာပဲ ဆုံးသွားတယ်’’ဟု ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၀င် ရောက်ကူညီပေးခဲ့သည့် ERSSDOရေး၊ ကယ်၊ ထောက်၊ ကူအသင်း ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်ကပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းတို့ကို ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု အပါအ ၀င် ပုဒ်မ ၃၀၂(က)/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ဘုရင့်နောင် နယ်မြေရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

7Day Daily

0 comments:

Post a Comment