IF ဆိုသည်မှာ သမိုင်းတွင် အန္တရာယ်ကြီးသည်။ သို့သော် ထို ‘အကယ်၍’ ကို ကြိုပြီး စဉ်းစားထားမှလည်း အနာဂတ်ကို မှန်းဆနိုင်မည်။ လူအများ မျှော်လင့်တကြီးနှင့် ရေပန်းစားနေသော ‘NLD တက်လျှင်’ ဟူသည့် အနေအထား Scenario ကို စဉ်းစားကြည့်မိသည်။
NLD သည် အတိုက်အခံအဖြစ် နှစ် ၂၀ ကျော် စောင့်အပြီး အစိုးရအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် အတိုက်အခံအဖြစ် ကာလကြာရှည်စွာ လှုပ်ရှားခဲ့ပြီး အစိုးရနေရာ ရောက်သွားသည့် ပါတီအဖွဲ့အစည်းများ၏ ကံကြမ္မာမျိုးကို NLD ရင်ဆိုင်ရမည် ဖြစ်သည်။ Landslide မဲအပြတ်အသတ်ဖြင့် နိုင်လေလေ ပြည်သူတို့၏ မျှော်လင့်ချက် ပိုမြင့်လေဖြစ်မည်။ ‘ခုရေတွင်းတူး၊ ခုရေကြည်သောက်လိုသည့်’ ထိုမျှော်လင့်ချက်ကို စနစ်တကျ ကိုင်တွယ်နိုင်မှသာ။ သို့မဟုတ် ‘အချစ်ကြီးက အမျက်ကြီးနိုင်သည်’။စစတက်ချင်းတွင် ဝမ်းသာခြင်းလှိုင်းကို စီးနေနိုင်သေးသော်လည်း အစိုးရသက်တမ်း သုံးလ၊ လေးလ ရောက်လာသည်နှင့်အမျှ ဖိအားတို့ စတင်ခံစားလာရမည်။ Quick Win ခေါ် ကနဦး မြန်မြန်ဆန်ဆန် အောင်မြင်မှုများ မရလျှင် ဖိအားဒဏ် ပိုခံရမည်။ NLD အစိုးရသည် ဦးသိန်းစိန်အစိုးရ နည်းတူ ရှေ့အစိုးရများ၏ ကောင်းမွေရော ဆိုးမွေကိုပါ ခံရမည် ဖြစ်သည်။
အတိုက်အခံ
အတိုက်အခံ
အရပ်ဘက်လူ့အဖွဲ့အစည်း အများစုသည် NLD ကို တောက်လျှောက်ထောက်ခံခဲ့ရာမှ ဆန့်ကျင်ကြလိမ့်မည်။ အဓိကစစ်တလင်းမှာ တည်ဆောက်ဆဲ တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်လိမ့်မည်။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးကို အလေးပေး ပြောကြားတတ်သဖြင့် မြစ်ဆုံစီမံကိန်းတွင် တရုတ်က ထိုအချက်ကိုကိုင်ကာ စာချုပ်အတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် တွန်းအားပေးလိမ့်မည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် NLD အစိုးရ ထိပ်တိုက်တွေ့ကြမည့် သဲလွန်စများကို လက်ပံတောင်းနှင့် ပညာရေးဥပဒေတို့တွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးတွင် အဓိကလိုအပ်ချက် ဖြစ်သည့် လျှပ်စစ်မီး ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟူသော အရေးကြီးနှစ်ရပ် အားပြိုင်ပွဲတွင် NLD အစိုးရသည် တစ်ဖက်ဘက် သို့မဟုတ် နှစ်ဖက်လုံးကို စိတ်ပျက်စေနိုင်သည်။
NLD အနေဖြင့် လူထောက်ခံမှု ရလွယ်သည့် လူပြိန်းကြိုက် မူဝါဒများ ပြဋ္ဌာန်းမည်လား၊ ဆန့်ကျင်မည့်သူ များသော်လည်း ခါးသီးသော အရှိတရားများနှင့် အညီတိုင်းပြည် ရေရှည်ကောင်းမည့် မူဝါဒများ ပြဋ္ဌာန်းမည်လားသည် အရေးကြီးသောမေးခွန်း ဖြစ်သည်။
USDP သည် အတိုက်အခံအဖြစ်သို့ ရောက်ရှိသွားမည်။ အတိုက်အခံ၏ အခွင့်အရေးဖြစ်သော အစိုးရကို ဝေဖန်ထောက်ပြခွင့် USDP လက်ထဲသို့ ရောက်လာပေမည်။ မြန်မာ့ပြဿနာများသည် ကြီးမားသည့်အတွက် NLD အစိုးရကို ဝေဖန်ထောက်ပြရန် အခွင့်အလမ်းကောင်းများစွာ USDP ရရှိလိမ့်မည်။ အတိုက်အခံအဖြစ် စနစ်တကျ တည်ဆောက်နိုင်လျှင် နောင်ငါးနှစ်အကြာ ၂၀၂၀ တွင် အခွင့်အရေး ပြန်ရပေလိမ့်မည်။
အင်အားတောင့်သော အတိုက်အခံပါတီအဖြစ် ၈၈ မျိုးဆက် ပါတီသည် NLD ၏ အပြိုင် ဒီမိုကရက်တစ်ပါတီ ဦးကိုကိုကြီး ဦးဆောင်ပြီး ပေါ်ထွက်လာမည်။ ၈၈ အပြီး ပေါ်ထွက်လာသည့် ဒီမိုကရေစီ အင်အားစုများထဲမှ NLD ဘက် မပါသူများ ထောက်ခံမှု ရရှိမည့် ပါတီဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကွန်ရက်များရှိသည့် အတွက် အလျင်အမြန် ကြီးထွားလာနိုင်သော ပါတီ ဖြစ်သည်။ ခေါင်းဆောင်များမှာ အသက် ၅၀ တန်း ဖြစ်သည့်အတွက် နိုင်ငံရေးခေါင်းဆောင်အဖြစ် သင့်တော်သော အသက်အရွယ်ရှိသည်။ ၈၈ ပါတီသည် NLD နှင့် မွေးဖွားရာဇာတိ တူနေသည့်အတွက် ‘မတူခြားနား’ ကြောင်း ပြသရာတွင် အနည်းငယ် ရုန်းကန်ရဖွယ်ရှိသည်။ သို့သော် ၈၈ ပါတီသည် NLD နှင့် မူဝါဒချင်း တူလျှင်ပင် အတိုက်အခံဖြစ်သည့် အတွက် ‘ဝေဖန်ခွင့်’ ဟူသော အခွင့်ကောင်းကို ရနေသည်။ ပါတီနိုင်ငံရေး စိတ်ပါလှခြင်း မရှိသည့် ဦးမင်းကိုနိုင်သာ စိတ်ပြောင်းပြီး ပါတီသစ်တွင် တက်တက်ကြွကြွ ပါဝင်လာလျှင် ပိုမိုအင်အားတောင့်တင်းဖွယ် ရှိသည်။
ငြိမ်းချမ်းရေးသည် မည်သည့် အစိုးရအတွက်မဆို မငြိမ်းချမ်းဆုံးသော ကိစ္စရပ်ကြီးဖြစ်ရာ NLD အစိုးရ အတွက်လည်း စိန်ခေါ်မှုကြီး ဖြစ်လာမည်။ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ အစိုးရသော၊ တပ်မတော်အစိုးရ သောမဟူ အစိုးရအဆက်ဆက် မရှင်းနိုင်ခဲ့သော လက်နက်ကိုင် ပြဿနာကို NLD သာ ဖြေရှင်းနိုင်လျှင် ထိုတစ်ခုတည်းနှင့်ပင် သမိုင်းတွင် အအောင်မြင်ဆုံး အစိုးရ ဖြစ်လာနိုင်သည်။ သို့သော် ကမ္ဘာပေါ်တွင် လက်နက်ကိုင်အဖွဲ့ အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးသည် ခရီးရှည်ကြီး ဖြစ်သည်။
စီးပွားရေးသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့လောက် ရေပန်းမစားသော်လည်း အစဉ်အဆက် မြန်မာအစိုးရတို့ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ခဲ့သည့် အရေးအကြီးဆုံး ကဏ္ဍဖြစ်သည်။ NLD သည် စီးပွားရေး မဟာဗျူဟာတစ်ခုကို စနစ်တကျ ရေးဆွဲထားသည်ဖြစ်ရာ ယင်းမဟာဗျူဟာနှင့် လိုက်ဖက်သော နည်းဗျူဟာတို့ကို ချမှတ်အကောင်အထည်ဖော်နိုင်မည်လား။ ကပ်ပေါင်းပြီး စားသာခဲ့သော ခရိုနီများသည် NLD ကို ချဉ်းကပ်လာကြမည် (အချို့လည်း ၂၀၁၂ ကတည်းက ချဉ်းကပ်ပြီး) ဖြစ်ရာ ရှောင်နိုင်ရှားနိုင်မှ တန်ကာကျမည်။ ခရိုနီကိစ္စ မရှောင်နိုင်လျှင် နိုင်ငံ့စီးပွားရေးတွင် Monopoly တစ်ဦးတည်း လက်ဝါးကြီးအုပ်များနှင့် Oligopoly အုပ်စုလိုက် လက်ဝါးကြီး အုပ်များသာ ကြီးစိုးပြီး မြန်မာ့စီးပွားရေးတွင် ‘ဈေးနှုန်းမှန်’ ‘Right Price’ ဖြစ်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်၏ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး သန္နိဋ္ဌာန်ကို ယုံမှားသံသယ မရှိသော်လည်း အမြစ်တွယ် အကျင့်စွဲနေသော လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုကို ‘တကယ်ရှင်းနိုင်မည်လား’ ကို မေးခွန်းထုတ်စရာ ဖြစ်သည်။ တစ်ဖန် ‘Power Corrupts’ အာဏာကြောင့် ပျက်စီးတတ်သည် ‘ဆိုသော ကမ္ဘာကျော် စကားသည် နိုင်ငံစုံတွင် အမြဲမှန်တတ်သည်ဖြစ်ရာ အကောင်အထည်ဖော်မည့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် မျက်စိဒေါက်ထောက်ကြည့်နေရန် လိုအပ်သည်။
NLD အစိုးရနှင့် တပ်မတော်တို့သည် ယုံကြည်မှု မြန်နိုင်သမျှ မြန်မြန်တည်ဆောက်ရန်လိုသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မခွဲနိုင်မခွာရက် နှစ်သက်စုံမက်ရန် မလို၊ အလုပ်တွဲလုပ်နိုင်လောက်လျှင် ရပြီ။ သို့မဟုတ်လျှင် နိုင်ငံအတွက် အန္တရာယ်များသည်။ လက်ပံတောင်းဖြစ်ရပ်တွင် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အလုပ်သဘော ဆက်ဆံရေးတစ်ရပ် Working Relationship ဖြစ်ထွန်းခြင်းကို မြင်တွေ့ခဲ့ရရာ လက္ခဏာကောင်းပင် ဖြစ်သည်။
ဖက်ဒရယ်ကိစ္စသည် NLD ကိုင်တွယ်ရမည့် ဧရာမ ခေါင်းခြောက်စရာ ဖြစ်သည်။ NLD ကိုယ်စားလှယ် နေရာမှန်းသလောက် မပေါက်ဘဲ အစိုးရ ဖွဲ့နိုင်ရေးတွင် တိုင်းရင်းသားလူနည်းစု ပါတီများကို အားကိုးရလျှင် ထိုပါတီများနှင့် စကားပြောရာတွင် စိန်ခေါ်မှုများစွာ ကြုံရလိမ့်မည်။ ဗဟိုစီမံမှု လွန်ကဲလျှင် ဖက်ဒရယ်ပြည်ထောင်စု အဆင့် မရောက်နိုင်။ ဗဟိုစီမံမှု လျော့ရဲလွန်းလျှင်လည်း ကွန်ဖက်ဒရေးရှင်း အဆင့်သို့ ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တောင့်တင်းသည့် ပြည်နယ်များတွင် ‘ကိုယ့်တပ်မတော်၊ ကိုယ့်ပြည်နယ်’ အန္တရာယ် ကျရောက်နိုင်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ပြန်လည်ခွဲဝေပေးမှုအပေါ် မှီခိုရသည့် သယံဇာတ နည်းပါးသော ပြည်နယ်ငယ်များ နစ်နာဖွယ်ရှိသည်။
NLD သာ မဲအများစု၊ လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရယူပြီး တက်လာခဲ့လျှင် မြန်မာတို့အနေဖြင့် ဒီမိုကရေစီ၏ အရသာကို ခံစားမိကြမည်။ လူတစ်ဦးချင်းစီ၏ အခွင့်အရေး စသည်တို့ကို နားလည်သွားကြမည် ဖြစ်သလို တစ်ချိန်တည်းတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်တို့ကဲ့သို့ ဒီမိုကရေစီ အရင့်အမာ နိုင်ငံကြီးများ၏ အဆင့်အတန်းသို့ မြန်မာနိုင်ငံ ချက်ချင်းမရောက်နိုင်ကြောင်းလည်း သဘောပေါက်သွားကြမည်။
လာမည့်ငါးနှစ်သည် မြန်မာပြည်၏ စပ်ကူးမတ်ကူးကာလ ဒုတိယ ငါးနှစ်သာ ဖြစ်သည်။ NLD သာ တက်ခဲ့လျှင် သူ့ကိုမဲပေးခဲ့သောမဲဆန္ဒရှင်တို့၏ မျှော်လင့်ချက်များသည် ‘မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်’ လိမ့်မည်။ မိမိတို့အပေါ် ပုံလိုက်သည့် ထိုမျှော်လင့်ချက်များကို တွန်းအားအဖြစ် NLD က အရယူပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန်မောင်းနှင်ရမည် ဖြစ်သလို မျှော်လင့်ချက်ကြီးလျှင် စိတ်ပျက်လွယ်သည့် သဘောကိုလည်း ထိန်းကျောင်းမောင်းနှင်ရမည်။
‘NLD တက်လျှင်’ ဟူသော ‘if’ ဖြစ်မဖြစ် မကြာမီ တွေ့ကြရတော့မည်။
ဇေယျသူ
The Voice Weekly

0 comments:
Post a Comment