Wednesday, October 21, 2015

စီးပွားရေးဖွံဖြိုးမှုမရှိ၍ မြန်မာနိုင်ငံသားများ ပြည်ပထွက်ခွာ အလုပ်လုပ်ရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံသားများအနေနှင့် ပြည်ပနိုင်ငံများသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်နေရခြင်းမှာ နိုင်ငံစီးပွားရေးဖွံဖြိုးမှု မရှိ သောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရွှေ့ပြောင်းလုပ်သားများ အများဆုံးနေထိုင်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကွင်းကြီး၌ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ခန့်က ကျင်းပသည့်လူထုတွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေ အရင်နှစ် သုံးလေးဆယ်မတိုင်မီလောက်ကဆိုရင် နိုင်ငံရပ်ခြားမှာ သွားအလုပ်လုပ်တယ် ဆိုတာ မရှိသလောက်ပါပဲ။ အခုနောက်ပိုင်း နိုင်ငံတစ်ဝန်းလုံးမှာဘယ်နေရာသွားသွား အိုးအိမ်နဲ့ မိသားစုတွေကို ပစ်ပြီး နိုင်ငံ ရပ်ခြားမှာ ဝမ်းစာသွားရှာတဲ့ ပြည်သူပြည်သားတွေ အများကြီးတွေ့မြင်နေရတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်မရနိုင်လို့ အခြားနိုင်ငံသွားရတာ မဖြစ်သင့်ပါဘူး" ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့်နိုင်ငံရေးသည် ခွဲခြား၍မရကြောင်း၊ ယင်းကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးစနစ် ကို ပြည်သူများအနေနှင့် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် နိုင်ငံရေးစနစ် ကို ပြောင်းလဲကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်မည်ဖြစ်၍ လက်ရှိရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိစေရန် မဲထည့်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

"ကျွန်တော်ဆိုရင် ဘွဲ့ရပြီးဖြစ်ပေမယ့် ထိုင်းဘက်မှာ ဘယ်သူမှမလုပ်ချင်တဲ့ အောက်ဆုံးအဆင့် အလုပ်ကြမ်းလုပ်ရ တယ်။ အမေစုနဲ့တွေ့ဆုံပွဲရှိတယ်ဆိုလို့ ချင်းမိုင်ဘက်ကနေ လာခဲ့ရတာပါ။ ရွေးကောက်ပွဲမှာအနိုင်ရပြီး အစိုးရဖွဲ့ခဲ့ရင် ကျွန်တော်တို့လို လူငယ်ပညာတတ်တွေကို ဘယ်လိုကူညီဆောင်ရွက်ပေးမလဲ သိချင်တယ်"ဟု ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ ကျော်အရွယ် ကရင်တိုင်းရင်းသားတစ်ဦးက မေးမြန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံပ္ပွဲ၌ ဒေသခံတိုင်းရင်းသားများ သောင်းနှင့်ချီ တက်ရောက်ခဲ့ရာ ယင်းတို့အထဲတွင် ထိုင်းနိုင်ငံနှင့် တာချီလိတ်မြို့တို့၌ ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးလာရောက်ခြင်းဖြစ်ကြောင်း NLD ပါတီ၏ တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးယာကုတ်က ပြောကြားသည်။

ရွှေတြိဂံဒေသနယ်မြေဖြစ်သည့် တာချီလိတ်သို့ ပထမဆုံးခရီးစဉ်အဖြစ်လာရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်သည် မည်သည့်အန္တရာယ် အနှောင့်အယှက်မျှမဖြစ်ခဲ့ဘဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မိုင်းဖြတ်နှင့် ကျိုင်းတုံဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment