Saturday, October 17, 2015

''အာဏာမရဖူးသူတွေဟာ အာဏာရူးတတ်ပါတယ် '' ဟုပြောဆိုကာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် တာဝန်ခံ ဦးလှသိန်းဆွေ မဲဆွယ်စည်းရုံး


ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူထုတွေ့ဆုံပွဲကို အောက်တိုဘာ ၁၇ရက် နံနက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ''အာဏာမရဖူးသူတွေဟာ အာဏာရူးတတ်ပါတယ် '' ဟုပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ)ကယားပြည်နယ် စည်းရုံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းဆွေ မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူများ အရွေးတော်မှ လူတော်လူကောင်း လူမှန်များ ရမည်ဖြစ်ကြောင်း အပြောနှင့်အလုပ် ဒွန်တွဲ လုပ်ဆောင်သူများကို ရွေးချယ်ရန်နှင့် လေနှင့်လုပ်စား ပြည်သူကိုလှည့်စားကာ လက်တွေ့မပါသည့်

အပြောသမားများကို ရှောင်ရှားရန် လိုအပ်ကြောင်း အသဲကြားက မဲတစ်ပြားထက် ဦးနှောက်ကြားက မဲတစ်ပြားက ပိုးပြီးတန်ဖိုးရှိသည်ကို တွေးတောဆင်ခြင်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် လောင်းများကို မဲပေးရွေးချယ်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ကယားပြည်နယ် စည်းရုံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းဆွေ က''လူကိုချစ်ပြီးတော့မှ အချစ်လွန်ပြီးတော့မှ မျက်စိမှိတ်အရွေးမှားရင် ကျွန်တော်တို့ အရွေးခံအဏာရှင်တွေနဲ့တိုးတတ်ပါတယ်။ ကိုယ်ပိုင် အရည်အချင်းမရှိ တစ်စုံတစ်ဦးရဲ့အရှိန်အဝါကို မှီခိုပြီးတော့မှ ဗလာနက်ထိ နိုင်ငံရေးသမားတွေ ခြံခုန် သာကူး စားကျက်ပြောင်းတဲ့ ရှက်ကြောပြတ် နိုင်ငံရေးသမားတွေကို အရွေးမမှားမိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အာဏာမရဖူးသူတွေဟာ အာဏာရူးတတ်ပါတယ်။ အာဏာရူးရင် လူရွေးမှားတတ်ပါတယ်'' ဟု ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကို အလေးထားတာ ဘယ်ပါတီ ဘယ်အစိုးရလဲဆိုသည်ကို ပြည်သူများအနေဖြင့် ခွဲခွဲခြားခြား သိမြင်ပြီဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို အသင်း ဘဝကတည်းကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေံဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သည်ဟု ဦးလှသိန်းဆွေက ပြောကြားသည်။''တစ်ချို့က ပြောင်းလဲချိန်တန်ပြီလို့ ဆိုပြီးတော့မှ ပြောနေတဲ့စကားတွေကို ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။ သဘောမပေါက်နိုင်ပါဘူး'' ဟု ၎င်းကဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပြီးနောက် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်ဟု ဦးလှသိန်းဆွေက ပြောကြားသည်။ဦးလှသိန်းဆွေက ''ပြောင်းလဲချိန်တန်ပြီလို့ ပြောနေတဲ့သူတွေဟာ လိုက်ပါမပြောင်းလဲဘဲနဲ့ ကျန်နေတဲ့ သူတွေပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဦးလှသိန်းဆွေတစ်ဦးသာ ဟောပြောခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဟောပြောမှုအပြီးတွင် ကယားပြည်နယ်အတွင်း ဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို လူထုနှင့်မိတ်ဆက်ကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။


Eleven Media Group

0 comments:

Post a Comment