Sunday, October 18, 2015

လှိုင်သာယာတွင် သီလရှင်ကို ဆိုင်ကယ်ကယ်ရီမောင်းသူက အဓမ္မပြုကျင့်

လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ ရွှေပြည်သာတံတားလမ်းဘေးရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၁၆ ရက် ညပိုင်းက အလှူခံ ထွက်ရာမှ ပြန်လာသည့် အသက် ၂၄ နှစ်အရွယ်ရှိ သီလရှင်ကို ဆိုင်ကယ်ကယ်ရီ မောင်းသူ အသက် ၃၁ နှစ် အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပတ်လမ်းရှိ သီလရှင်ကျောင်းတစ်ခုမှ ဝါတော် ၄ လ ရှိ အသက် ၂၄ နှစ် အရွယ် သီလရှင်မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းတွင် အောက်တိုဘာလ ၁၆ ရက်နေ့က အလှူခံ ထွက်ခဲ့ရာမှ ညနေ ၆ နာရီတွင် ၎င်းတည်းခိုရန် အနီးနားရှိ သီလရှင်ကျောင်းတစ်ခုကို ဆိုင်ကယ်ကယ်ရီ ငှားကာ လိုက်လံ ပို့ဆောင်ခိုင်းစဉ် ကယ်ရီမောင်းသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“သီလရှင်က ပဲခူးပြန်ဖို့ မိုးချုပ်နေတာကြောင့် သီလရှင်ကျောင်းတစ်ခုခုမှာ တည်းခိုခွင့်တောင်းပြီး အိပ်မလို့ ဆိုင်ကယ် ကယ်ရီ ငှားပြီး လိုက်ရှာတာ၊ ကျောင်းမတွေ့တာနဲ့ ကယ်ရီသမားက သူ့အိမ်မှာ ဒီည လိုက်အိပ်ဖို့ ခေါ်သွားပြီး နေအိမ်ရောက်မှ အဓမ္မပြုကျင့်ခဲ့တာလို့ တိုင်ကြားသူ သီလရှင်ရဲ့ ထွက်ဆိုချက်အရ သိရတယ်၊ အမှုဖွင့် တိုင်ကြားခံရသူကို ဖမ်းဆီး စစ်ဆေးနေပါတယ် ” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းမြင့်ဦး က ပြောကြားသည်။

အဆိုပါ အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံရသူ ဦးရဲဝင်းနိုင်မှာ ရပ်ကွက်အတွင်း အေးဆေးစွာ နေထိုင်သူဖြစ်ပြီး ၎င်းနေအိမ်၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ ညအိပ်တည်းခိုရန် အခက်အခဲ ဖြစ်နေသည့် သီလရှင်မှာ ယေက်ျားသား တစ်ဦးတည်း နေထိုင်သည့် နေအိမ်တွင် လိုက်လံ တည်းခိုရန် မသင့်ကြောင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံ အကူအညီတောင်းခံပါက ၎င်းအတွက် အဆင်ပြေ လုံခြုံမည့်နေရာတစ်ခုကို ရပ်ကွက် နေသူများက ဝိုင်းဝန်းကူညီပေးနိုင်မည်ဖြစ်ကြောင်း အလယ်ရွာအုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် အောက်တိုဘာလ ၁၆ ရက် ည ၁၂ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုက်ကလပ်တစ်ခုမှ နေအိမ်သို့ သူငယ်ချင်း အမျိုးသမီးများနှင့်အတူ အငှားယာဉ်ဖြင့် ပြန်လာသည့် အသက် ၂၃ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးကို အသက် ၂၆ နှစ် အရွယ်ရှိ အငှားယာဉ်မောင်း ကိုဇင်ဖြိုးက ယာဉ်ပေါ်တွင် အဓမ္မပြုကျင့်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အငှားကားကို ကောင်မလေးသုံးယောက်က စုငှားပြီး အိမ်ပြန်လာတာ၊ မိန်းခလေး နှစ်ယောက်ကို သူတို့ နေအိမ်တွေ လိုက်ပို့ပြီး နောက်ဆုံးလိုက်ပို့ဖို့ ကျန်တဲ့ ကောင်မလေးကို ကားသမားက လူပျက်တဲ့လမ်းဘေးမှာ ကားရပ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ အမှုဖွင့်တိုင်ကြားသူရဲ့ ထွက်ဆိုချက်အရသိရတယ် ” ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသမီးနှင့် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုမှာ ယခုနှစ် အတွင်း သုံးရက်လျှင်တစ်မှုနှုန်း ဖြစ်ပွားနေကြောင်း၊ ဇန်နဝါရီလမှ ဩဂုတ်လ ၃၀ ရက်နေ့အထိ အဓမ္မပြုကျင့်မှု ပေါင်း ၈၆ မှုအထိ ဖြစ်ပွားခဲ့ရာတွင် ၁၀ နှစ်အောက် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု ၁၂ မှု၊ ၁၀ နှစ်မှ ၁၃ နှစ်ကြားအရွယ်ရှိ ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ၂၀ မှုနှင့် ၁၄ နှစ်မှ ၁၅ နှစ်ကြား အရွယ်ရှိ ကလေးငယ်များ ပြုကျင့်ခံရမှု ၁၂ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရ သည်။


The Voice Weekly

0 comments:

Post a Comment