Wednesday, October 21, 2015

တပ်မတော်မှတိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့ကိုပြဋ္ဌာန်း

 
တပ်မတော်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးနှင့်ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပေးဆပ်ပြီး တိုက်ပွဲဝင်လျက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့် အမှတ်၊ ၁၇/အထူး/၂၀၁၅ ဖြင့် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)အား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုင်းအောင်စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ လဂျားယန်ဒေသ ရွှေလင်းယုန်စစ်ဆင်ရေး၌ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကို လည်းကောင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကိုလည်းကောင်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

တိုက်ပွဲတံဆိပ်(လောက်ကိုင်)အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သာယာစစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကိုလည်းကောင်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါပြဋ္ဌာန်းလိုက်သည့် တိုက်ပွဲတံဆိပ်နှင့်ပုံစံတူ တံဆိပ်ငယ်များကို သတ်မှတ်ထားသော အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံ၍ တပ်ဆင်ခွင့်ရသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသည် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်များအတိုင်း လက်ဝဲဘက်ရင်ဘတ်တွင် တပ်ဆင်သွားကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment