Thursday, October 29, 2015

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင် - The Diabolical


- ဒီတစ်ပတ် အားလပ်ရက်လေးမှာ ရုပ်ရှင်ကြည့်ဖို့အတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကိုပဲ ညွှန်းရပြန်ပါပြီ။ အခုတစ်လော ရုပ်ရှင်ရုံတွေမှာလည်း ထိတ်လန့်စရာ ဇာတ်ကားတွေချည်းပဲ ဆက်တိုက်တင်နေတာမို့ ဒီလို ဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်တွေကတော့ သဘောတွေ့နေကြမှာပါ။ဒီတစ်ခါပြောချင်တဲ့ ဇာတ် လမ်းကတော့ အခြောက်အလှန့် တွေများတဲ့ အိမ်ကိုပြောင်းလာတဲ့ သားအမိသုံးယောက်ကြုံဆုံရတာ တွေကို ရိုက်ကူးတင်ဆက်ထား တာပါ။

အသက် (၃၀)ကျော် မုဆိုးမ ဖြစ်တဲ့ မက်ဒီဆင်ဟာ သားနဲ့ သမီးဖြစ်တဲ့ ဂျက်ကော့ဘ်၊ ဟာလေတို့နဲ့ အတူ အိမ်ပြောင်းနေထိုင်ခဲ့ပြီး အဲဒီအိမ်မှာ သဘာဝလွန် အဖြစ်အ ပျက်တွေ ကြုံခဲ့ရပါတယ်။ သား အမိတွေ အန်စာကစားနေတုန်း အန်စာတုံးတွေ လေထဲမြောက်တက်လာတာမျိုးတွေ စတင်ကြုံခဲ့ရပြီး ပရိဘောဂတွေအလိုလို ရွေ့တာမျိုး၊ တံခါးတွေဆောင့်ပိတ်တာ၊ ကလေးကစားစရာတွေအလိုလို လှုပ်ရှားတာ စတဲ့ ခြောက်လှန့်တာတွေ ညစဉ် ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။

ထိတ်လန့်စရာလူပုံသဏ္ဌာန် လိုလိုပုံရိပ်တွေပါ မြင်တွေ့ရတာ ကြောင့် မက်ဒီဆင်ဟာ သူ့ချစ်သူ လည်း ဖြစ်တဲ့ ဂျက်ကော့ဘ်ရဲ့ ဆရာ သိပ္ပံပညာရှင် နီကိုလိုင်ကို အကူအညီ တောင်းခဲ့ပါတယ်။ နီကိုလိုင်ဟာ သဘာဝလွန်ဖြစ်ရပ်တွေ စူးစမ်းရာမှာ ပါရမီရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မက်ဒီဆင်တို့ အိမ်ရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို သိနေစေဖို့အတွက် အိမ်ပတ်လည်မှာ ကင်မရာတွေတပ်ပြီး စောင့်ကြည့်ဖို့ လုပ်ခဲ့ပါတယ်။

သည်းထိတ်ရင်ဖိုဇာတ်ကား တိုင်းလိုလိုရဲ့ ရိုက်ချက်အတိုင်း မှောင်မှောင်မည်းမည်း ပြကွက်ရယ်၊ အသံစနစ်ရယ်ကြောင့် အထိတ်တလန့်တော့ကြည့်ရမှာပါ။ အိမ်ထဲမှာရှိနေတဲ့ ၀ိညာဉ်ကိုနီကိုလိုင်ရဲ့ အစီအမံနဲ့ စောင့်ကြည့်စုံစမ်းနေရင်း မက်ဒီဆင်တစ်ယောက် နီကိုလိုင်နဲ့ သူတို့အိမ်ထဲက မဖိတ်ခေါ် ဘဲ ရောက်နေတဲ့ ဧည့်သည်တို့ ဆက်စပ်မှုရှိတယ်ဆိုတာ သိသွား ခဲ့ပါတယ်။

မက်ဒီဆင်တို့အိမ်မှာ သဘာဝလွန် ဖြစ်ရပ်တွေဘာကြောင့်ဖြစ်ရတာလဲ။ အိမ်ထဲမှာရှိနေတဲ့ ၀ိညာဉ်က ကလေးတွေထင်နေသလို ကွယ်လွန်သွားတဲ့ သူတို့ဖခင်များလား။ နီကိုလိုင်နဲ့ ဆက်စပ်နေ တယ်ဆိုတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ ကိုယ်တိုင် ဆက် ကြည့်ပါဦး။

မက်ဒီဆင်အဖြစ် အလီလာ တာ၊ နီကိုလိုင်အဖြစ် အာဂျန်ဂူပ တာ၊ ဂျက်ကော့ဘ်အဖြစ် မက်စ် ရို့စ်၊ ဟာလေအဖြစ် ကလိုးပါရင် တို့က သရုပ်ဆောင်ထားကြပါ တယ်။ ။

7Day Daily

0 comments:

Post a Comment