Sunday, October 18, 2015

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံး


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရအဖြစ် ဆက်လက် ဆောင်ရွက်ခွင့်ရပါက အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပုသိမ်မြို့၌ အောက်တိုဘာလ ၁၈ ရက်က ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ပြောဆို မဲဆွယ်ခဲ့သည်။ကြံ့ခိုင်ရေးပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီတိုင်း အစိုးရအနေဖြင့် ဒေသ၏ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန်၊ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်များ မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လယ်ယာမြေမှုခင်းပြဿနာများကို ဖြေရှင်းရာတွင် အားနည်းချက်များ ရှိခဲ့ကြောင်း၊ အဆိုပါ အားနည်းချက် များအား လာမည့် ၅ နှစ် သက်တမ်းအတွင်း မိမိတို့ အစိုးရနှင့် ပါတီအနေဖြင့် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ်က ပြောဆိုမဲဆွယ်ခဲ့သည်။

ပုသိမ်မြို၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ လူထုတွေ့ဆုံပွဲသို့ ဧရာဝတီ တတိုင်းလုံးရှိ ကြံ့ခိုင်ရေးပါတီဝင်ပေါင်း ၁ သောင်းကျော် တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ပါတီ ပူးတွဲ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌဖြစ်သည့် ဦးဌေးဦးတို့ လည်း တက်ရောက်ခဲ့ကြသည်။


သတင်းနှင့် ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ
The Irrawaddy

0 comments:

Post a Comment