Sunday, October 25, 2015

ကျဉ်စက်ဖြင့် တရားခံ ဖမ်းသည့် ရဲတပ်ကြပ်ကြီး ဓားထိုးခံရ

သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ ရန်နိုင်ဆွေလမ်းတွင် အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီက ခိုးမှုကျူးလွန်သူဟုယူဆရသူ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားကို ကျဉ်စက်ဖြင့်ထိုးကာ ဖမ်းဆီးသည့် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် တရားခံကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။အဆိုပါ ဓားထိုးခံရသူမှာ သာကေတမြို့မရဲစခန်းမှ တပ်ကြပ်ကြီးဝင်းဇော်မိုးဖြစ်ပြီး ယင်းနေ့က စက်မှုလက်မှု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းပေးပို့သည့် ခိုးမှုကျူးလွန်သူဟုယူဆရသူ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယင်းရပ်ကွက်တွင် နေထိုင်သော အမျိုးသားသုံးဦးတို့က ဝင်ရောက်ဖမ်းဆီးစဉ် ဖမ်းဆီးခံရသူအမျိုးသားက ဓားကိုင်ကာ ပြန်လည်ရန်ပြုခဲ့ကြောင်း သာကေတမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဓားကိုင်ဆောင်ကာ ပြန်လည်ရန်ပြုသူကို ရဲတပ်ကြပ်တစ်ဦးက ကျဉ်စက်ဖြင့်ထိုးကာ ချုပ်နှောင်ဖမ်းဆီးစဉ် ဖမ်းဆီးခံရသူက ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အမျိုးသားတစ်ဦးတို့ကို ဓားဖြင့်ထိုး၍ ၎င်း၏အဖော်နှင့်အတူထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရပ်ကွက်ထဲ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်နေတဲ့ လင်မယားနှစ်ယောက်ကို မသင်္ကာလို့ စစ်ဆေးခံဖို့ ပြောနေချိန် ယောက်ျားဖြစ်သူက ဓားကိုင်ပြီး ပြန်ရန်ပြုတာကြောင့် ကျဉ်စက်နဲ့ထိုးလိုက်တာ လဲကျသွားတယ်။ လဲကျသွားချိန်မှာ ချုပ်နှောင်ဖမ်းဆီးဖို့ ပြုလုပ်နေချိန် သူ့မိန်းမက ဖမ်းဆီးလို့မရအောင် ဝင်ရောက်ဟန့်တားခဲ့တယ်။ အဲ့ဒီအချိန်မှာ လဲကျနေသူက ပြန်ထလာပြီး တပ်ကြပ်ကြီးနဲ့ ဝိုင်းကူဖမ်းပေးသူတွေကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ” ဟု တရားခံ ဖမ်းဆီးစဉ်ပါဝင်ခဲ့သည့် စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူဟုတိုင်ကြားခံရသူများမှာ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သီတာစန်း ဆန်စက်ဝင်းတွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ်ရှိ သန်းထိုက်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ အေးအေးခိုင်တို့ ဖြစ်ပြီး ယင်းနေ့က စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုမှ ပစ္စည်းများကို ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးက ဝင်ရောက်ခိုးယူသွားကြောင်း သတင်းပေးတိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ရန်ပြုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“နောက်ဖေးလမ်းကြားထဲဝင်ပြီး ပစ္စည်းတွေ ခိုးယူသွားသူလို့ သတင်းပေးတိုင်ကြားခံရတဲ့ လင်မယားနှစ်ယောက်ကို ရန်နိုင်ဆွေလမ်းပေါ်မှာ ပစ္စည်းဟောင်းတွေ တင်လာတဲ့ လက်တွန်းလှည်းနဲ့အတူ တွေ့လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးချိန် ရန်ပြုတိုက်ခိုက်ခံရတာ။ အမျိုးသမီးက သူ့ယောက်ျားကို ဖမ်းလို့မရအောင် ဝင်ရောက်ဟန့်တားနေချိန် သူ့အမျိုးသားက ဖမ်းဆီးသူတွေကို ဓားနဲ့ထိုးပြီး လင်မယားနှစ်ယောက် ထွက်ပြေးသွားတာ။ တရားခံတွေကို ခုထိ မမိသေးပါဘူး” ဟု စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့် ပြန်လည်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးဝင်းဇော်မိုး၏ ညာဘက် လက်ဖျံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့်အတူ တရားခံကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အသက် ၄၈ နှစ်အရွယ်ရှိ ဦးသက်ဦး၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရပြီး ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူဟုတိုင်ကြားခံရသူနှစ်ဦးကို (ပ) ၇၈၂/၁၅၊ ပုဒ်မ ၃၃၃။ ၃၂၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သာကေတမြို့မရဲစခန်းထံမှ သိရှိရသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ တုတ်၊ ဓားလက်နက်များဖြင့် ရန်ပြုတိုက်ခိုက်ခံရပြီး သန်လျင်နှင့် အင်းစိန်မြို့နယ်တို့တွင် တရားခံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး ဓားထိုးအသတ်ခံရမှုပါ ဖြစ်ပွားခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် လုံခြုံရေး အတွက် တရားခံဖမ်းဆီးရာတွင် ခုခံကာကွယ်နိုင်မည့် ကျဉ်စက်များကို အသုံးပြုခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


The Voice Weekly

0 comments:

Post a Comment