Saturday, October 17, 2015

ဒေါ်ညိုညိုသင်း၏ အောင်နိုင်ရေး ဗီနိုင်းပိုစတာ ၂၀ ဝန်းကျင် ဖျက်ဆီးခံရဟုဆို

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းပိုစတာ ၂၀ ဝန်းကျင် ဖျက်ဆီးခံခဲ့ရကြောင်း ၎င်း၏ အောင်နိုင်ရေး ကော်မတီထံမှ သိရသည်။ဗဟန်းမြို့နယ် ဆရာစံမြောက်ရပ်ကွက်၊ ကျိုက္ကဆံရပ်ကွက်များတွင် စိုက်ထူထားသည့် ခြောက်ပေ၊ သုံးပေ ဆိုင်းဘုတ်ကြီးတစ်ခု အပါအဝင် ဗီနိုင်းပိုစတာ အကြီးအသေး စုစုပေါင်း ၂၀ ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှ ယနေ့အထိ အချိန်ကလအတွင်း ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း အောင်နိုင်ရေး တာဝန်ခံ ဦးဇော်ရမ်းက ပြောဆိုသည်။

ဖျက်ဆီးသူများကို သက်သေထောက်အထားများ ရရှိထားသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ဗီနိုင်းဖျက်ဆီးသည့် မိသားစုများ အနေနှင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် ငွေကြေးတစ်စုံတရာ ရရှိခြင်းကြောင့် လုပ်ဆောင်ကြခြင်း ဖြစ်သဖြင့် ၎င်းတို့အပေါ် ခွင့်လွှတ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောဆိုသည်။

“ပြည်သူလူထုက အခက်အခဲ တွေကြုံတွေ့ရလို့ သူတို့အခက်အခဲတွေကို ခဏတာ ပြေပျောက်ဖို့အတွက် ဒီလိုအလုပ်တွေကို မလုပ်ချင်ဘဲ လုပ်ကြရတာပဲလို့ ခံယူပြီးတော့ ကျွန်မ ဒါတွေအပေါ်မှာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ယခုရက်ပိုင်းအတွင်း ဗဟန်းမြို့နယ်တွင် ဒေါ်ညိုညိုသင်းအပေါ် မဟုတ်မမှန် စွပ်စွဲထားသည့် စာသားများ ပါရှိသည့် စာအုပ်တစ်အုပ်ကိုလည်း နိုင်ငံရေးပါတီကြီး တစ်ခု၏ ဗဟန်းမြို့နယ် တာဝန်ခံဆိုသူက အုပ်ရေသောင်းနှင့်ချီကာ ဖြန့်ဝေနေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

သို့သော် အောင်နိုင်ရေးအဖွဲ့ အနေနှင့်မူ ရွေးကောက်ပွဲဝင် အခြားပြိုင်ဘက် ကိုယ်စားလှယ်လောင်းများ အကြား ပဋိပက္ခများ မဖြစ်ပေါ်လာစေရန်အတွက် ဗဟန်းမြို့နယ် ရဲစခန်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း ဦးဇော်ရမ်းက ပြောဆိုသည်။“နည်းဥပဒေ ၆၅ (က) အရ ရဲအရေးပိုင်တယ်။ တရားသူကြီးကလည်း ရဲစခန်းကို လွှဲထားပါတယ်။ ရဲက ဆက်လက်ပြီး ဖော်ထုတ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဒေါက်တာညိုညိုသင်း၏ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအနေနှင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင်လည်း ထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။ဗဟန်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြိုင်ဘက်အချို့၏ အနှောင့်အယှက်ပေးမှုများ ကြုံနေရသည့်အပြင် ဒေါ်ညိုညိုသင်းကို မဲမထည့်ရန် လှည့်လည်ပြောဆို ကြေညာနေမှုများလည်း ရှိနေခြင်းကြောင့် ယင်းသို့ မတရားပြုကျင့်မှုများ ရပ်ဆိုင်းရန် သတိပေးထုတ်ပြန်ခြင်း ဖြစ်သည်။

မဟုတ်မမှန် ဝါဒဖြန့်ခြင်းနှင့် တိုက်ခိုက်သည့် လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်နေပါက အောင်နိုင်ရေးအဖွဲ့၏ လုံခြုံရေး၊ ဒေါ်ညိုညိုသင်း၏ ဂုဏ်သိက္ခာ၊ ပြည်သူတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို ကာကွယ်ရန်အတွက် ဥပဒေကြောင်းနှင့်အညီ ပြတ်သားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

The Voice Weekly

0 comments:

Post a Comment