Monday, October 19, 2015

တပ်မတော်စစ်ကြောင်းများနှင့် အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွား


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံကျေးရွာ၏ အနောက် မြောက်ဘက် ၆ မိုင်ကျော်အကွာ နန့်ပန်ချောင်း၏ အနောက်ဘက်နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့မှ အင်အားစုတချို့အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၈ ရက်နေ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဝမ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ် ပေးထားခဲ့သော်လည်း ဝမ်ဟိုင်းဌာနချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖော်ပြပါ နယ်မြေအတွင်း၌ အခိုင်အမာစခန်းဆောက်၍ အခြေပြုနေကြောင်း တွေ့ရှိရသဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို မထိခိုက်စေရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး မူဘောင် ဆွေးနွေးမှုများမထိခိုက်စေရေး သတ်မှတ်နယ်မြေသို့ ပြန်လည် ဆုတ်ခွာရန်နှင့် ဆုတ်ခွာခြင်းမရှိက ပစ်ခတ်ရမည်ဖြစ်ကြောင်း တပ်မတော်က အကြိမ်ကြိမ်သတိပေးခဲ့ သော်လည်း မူလ ဝမ်ဟိုင်းဌာနချုပ်နယ်မြေသို့ ဆုတ်ခွာခြင်းမရှိသည့်အပြင် တပ်မတော် စစ်ကြောင်းများသို့ ပစ်ခတ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၆ ရက်နေ့မှ ယနေ့အထိ ထိတွေ့တိုက်ခိုက်မှု ၃၇ ကြိမ် ဖြစ်ပွားခဲ့ကာ အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် ၎င်းတို့ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၈၅၈၊ ပွိုင့်-၁၂၈၆ နှင့် ပွိုင့်- ၁၃၀၉ လွယ်ခူတောင် တောင်ကုန်းများအား သိမ်းပိုက် ရရှိခဲ့သည်။
ထိုသို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားနေချိန်အတွင်း လွိုင်လင်ခရိုင်၊ ကျေး သီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့လည်း အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့များ နေရာအသီးသီးဖြန့်ခွဲကာ လက်နက်ကြီး/လက်နက်ငယ်များဖြင့် အောက်တိုဘာ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် ၂ ကြိမ်တိုင်တိုင် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ စစ်သည်များနှင့် အိမ်ထောင်သည်ရဲမေများက ပြန်လည် ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းအဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သတင်းရရှိ ပါသည်။
အောက်တိုဘာလ ၆ ရက်မှ ယနေ့အထိ အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့ထံမှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ အရာရှိ/စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရသကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိခဲ့ကြောင်းနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ထိပါးမှုမှ ကာကွယ် နိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment