Tuesday, October 20, 2015

တပ်နယ်မြေ အတွင်း ရှိ မဲရုံများ ကို အီးယူ စောင့်ကြည့်လေ့လာရန် တပ်ချုပ် ခွင့်ပြုဟုဆို


လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ တွင် တပ်နယ်မြေ အတွင်း ရှိ မဲရုံများ ကို ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကိုယ်စား လှယ်များ အား လေ့လာစောင့်ကြည့် ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် က ခွင့်ပြု ထားကြောင်း အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် Mr.Alexander Graf Lambsdorff ကပြောကြားသည်။အောက်တိုဘာ ၂၀ ရက်နေ့ က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ ရွေး ကောက် ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် Mr.Alexander Graf Lambsdorff မြန်မာနိုင်ငံ ခရီးစဉ်ပြီး ဆုံးခြင်း အတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကာ ၎င်း၏ ခွင့်ပြုချက်ဖြင့် လုံခြုံရေးအရ အရေးကြီးသော ဒေသများမှအပ ကျန်တပ်မတော်မဲရုံများကို EU ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေနှင့် သွားရောက် စောင့်ကြည့်လေ့လာမှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အချို့တပ်မတော်မဲရုံ တွေမှာ ကြိုတင်မဲပေးမှုတွေကို EU ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အ နေနဲ့ လေ့လာခွင့်ရမှာပါ။ ဒါဟာအလွန်အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပြီး ဘာလို့ဆိုတော့ တပ်မတော်သား မဲ ဆန္ဒရှင်တွေဟာ ကြီးမားတဲ့ ပမာဏအရေအတွက်ရှိ နေလို့ပါ။”ဟု Mr.Alexander Graf Lambsdorff ကရှင်းပြသည်။

ယခုလာရောက်သည့် ငါးရက်ကြာခရီးစဉ်အတွင်းတွင် အစိုးရအဖွဲ့အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ အ ရပ်ဘက် အ ဖွဲ့အစည်းများ၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများ၊ သတင်းမီဒီယာ များ ကို တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြောင်း ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ ထုတ်ပြန်သည်။

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလုပ် ငန်းစဉ်အတွင်းတွင် နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီမှုမရှိပါကလည်း ဝင် ရောက်စွက်ဖက်မည်မဟုတ် ဘဲ လေ့လာစောင့် ကြည့် ခြင်း လုပ် ငန်း သာ လုပ် ဆောင်မည် ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

EU Election Observation Missions အဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲ ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါတို့ မှ လေ့လာသူ လူအင်အား ၁၅၀ ကျော်အသုံးပြုကာ တစ်နိုင်ငံ လုံးအတိုင်း အတာဖြင့် လေ့လာစောင့်ကြည့်မည်ဖြစ်သည်ဟု ယင်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment