Thursday, October 29, 2015

ဒီချုပ်အမတ်လောင်းများ သာကေတတွင် မဲဆွယ်စဉ် ဓားခုတ်ခံရ

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးနိုင်ငံလင်းကို ရန်ကုန်ဆေးရုံကြီး၌ တွေရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ် လောင်းများ သာကေတမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းစဉ် ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) ည ၉ နာရီခန့်က သာကေတ မြို့နယ် မာန်ပြေရပ်ကွက် ၈ လမ်း
ထိပ်၌ ဓားဖြင့် အခုတ်ခံရပြီး လက်ရှိလွှတ်တော်အမတ် ဦးနိုင်ငံလင်းအပါအ၀င် ပါတီဝင် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။သာကေတမြို့နယ် မာန်ပြေရပ်ကွက်အတွင်း အလှပြယာဉ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်းရာ မာန်ပြေ(၈) လမ်းထိပ်အရောက်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် ရန်စ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီချုပ်၏ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သော ဦးနိုင်ငံလင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပါတီဝင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာများရရှိခဲ့သည်။

ဓားခုတ်ခံရမှုကြောင့် ဒဏ် ရာအပြင်းအထန်ရရှိခဲ့သူ ဦးနိုင်ငံလင်းအားအောက်တိုဘာ ၂၉ ရက် ညသန်းခေါင်တွင်ပင် အရေးပေါ်ခွဲစိတ်ကုသခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေသည့် 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ဓားဖြင့် ခုတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သူ မသန္တာမော်က ‘‘အရင်မဲဆွယ်စည်းရုံးတုန်းက အဲ ဒီဓားနဲ့ ခုတ်တဲ့သူ အိမ်ရှေ့မှာ NLDက မဲဆွယ်ရင် ဓားနဲ့ ခုတ်မယ်လို့ ဗီနိုင်းလုပ်ထားတယ်။ အဲဒါ ကြောင့် ၀င်မဆွယ်ခဲ့ဘူး။ အခု လည်း ရပ်ကွက်ထိပ်မှာ အောင် နိုင်ရေးသီချင်း ဖွင့်တုန်း စပြီး ပြဿနာရှာ တိုက်ခိုက်ခံရတာပါ’’ ဟု ပြောသည်။

ဆက်လက်၍ မသန္တာမော် က‘‘တိုက်ခိုက်တဲ့သူ သုံးယောက် ရှိတယ်။ ကျွန်မကို ခေါင်းကို တုတ်နဲ့ ရိုက်လို့ ရှောင်လိုက်တာ ပခုံး ကို ထိသွားတယ်’’ဟု ပြောသည်။

မသန္တာမော်က ၎င်းတို့ကို တိုက်ခိုက်သူမှာသုံးဦးဟု ပြောသော်လည်း အခင်းဖြစ်ပွားရာတွင် ရှိနေသော သာကေတမြို့နယ် ၃ ရပ်ကွက်မှ ဒီချုပ်ပါတီဝင်ဖြစ်သူ ကိုရဲကျော်သူကမူ တိုက်ခိုက်သူ မှာ ခြောက်ဦးဖြစ်ကြောင်း ပြောသည်။ ‘‘ကျွန်တော်တို့အဖွဲ့တွေ ကားနဲ့ လှည့်လည်ပြီး စည်း ရုံးရေးဆင်းတဲ့အချိန်မှာ မာန်ပြေ ၈ လမ်းထိပ်ကို ရောက်တော့ NLDဆိုရင် ဒီနေရာက မဖြတ်နဲ့ဆိုပြီး ဓားနဲ့ ၀င်ခုတ်တာ။ လူခြောက် ယောက်ရှိတယ်။ သုံးယောက် တော့ မိသွားပြီ’’ဟု ကိုရဲကျော်သူက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် သံ သယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း သာကေတမြို့နယ် ဒီချုပ်သတင်းပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းကျော်က ပြောသည်။

သာကေတမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် သတင်း ပြန်ကြားရေးတာဝန်ခံ ကိုငြိမ်း ကျော်က ‘‘ကျွန်တော်မြို့နယ်မှူးနဲ့ စကားပြောရပါတယ်။ သုံး ယောက်မိထားတယ်။ သူတို့ရဲ့ နာမည်တွေနဲ့ လိပ်စာတွေ တောင်းနေတယ်။ စစ်နေတုန်းဆိုတော့ ခုတ်တဲ့ သူတွေက ဘယ်သူတွေလဲဆိုတာ မသိသေးဘူး’’ဟု အောက်တိုဘာ ၂၉ ရက် ည ၁၁ နာရီခွဲအချိန်က 7Day Daily အားပြောသည်။

ဓားဖြင့် ခုတ်ခံရမှုကြောင့် ဦးနိုင်ငံလင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ကိုယ်စားပြု ၍ သာကေတမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်သက်ထားနွယ်ဝင်း၏ ရွေးကောက်ပွဲမန်နေဂျာ NLD ပါတီဝင် မသန္တာမော်၊ ပါတီဝင်ဖြစ်သူ ဦးကျော်သူတို့ ဒဏ်ရာများ ရရှိသွားကြောင်း ကိုငြိမ်းကျော်က ပြောသည်။ မဲဆွယ်ရာတွင် ဒီချုပ်အမတ်လောင်းသုံးဦးပါဝင်ခဲ့ပြီးဦးနိုင်ငံလင်းတစ်ဦးသာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။

သာကေတမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။ အဆိုပါအမှုကို သာကေတမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဦးဝေဖြိုးအောင်ကပြောသည်။ အခင်းဖြစ်ပွားပြီးနောက် ယမန်နေ့ ညသန်းခေါင်ထိတိုင် လူများစွာ လာရောက်ကြည့်ရှုနေကြပြီး ရဲစခန်းက အ၀င်တံခါးပိတ်ထားသည်။

7Day Daily

0 comments:

Post a Comment