Friday, October 30, 2015

၂၀၁၆ တွင် တပ်မတော်ထိပ်သီးပိုင်းကို အကြီးအကျယ် ရှင်းထုတ်မည်ဟုယူဆရပြီး ဦးသိန်းစိန် သမ္မတ တကြိမ်ပဲ ဖြစ်နိုင်ခြေရှိဟု လယ်ရီဂျေဂင် ဟောကိန်းထုတ်


“အရပ်ဘက်အစိုးရ လုံးဝ တက်လာဖို့ဆိုတာ ၂၀၂၀ မှာ ဖြစ်နိုင်တယ်။ ၂၀၁၅ မှာ အရပ်ဘက် အစိုးရပြောင်းလဲဖို့က ရှင်းရှင်း လင်းလင်း မဖြစ်နိုင်ဘဲ ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်”----- ------ ------ ------ ------
မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ၄၂ လမ်း၊ ၆၇ လမ်း ၆၈ လမ်းရှိ အမရပူရ အင်္ဂလိပ်စာ သင်တန်းကျောင်းတွင် ပြုလုပ်သည့်တွေ့ဆုံပွဲ၌ နိုင်ငံရေးပညာရှင် လယ်ရီဂျေဂင်က ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း ကြီးကြီးမားမား ပြောင်းလဲမှုမရှိနိုင်ဘဲ ၂၀၂၀ လောက်တွင် အရပ်ဘက်အစိုးရတက်လာနိုင်မည်ဟု ၎င်းက ခန့်မှန်းပြောကြားခဲ့သည်။ လယ်ရီဂျေဂင်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ဖွယ် အလားအလာများကို အောက်ပါအတိုင်း အခန်းကဏ္ဍများပိုင်းခြားပြီး ဆွေးနွေးသည်။ လယ်ရီဂျေဂင်က မိမိ၏ တင်ပြဆွေးနွေးမှုများမှာ အတွေ့အကြုံများအရ ခန့်မှန်းချက်များသာဖြစ်သည်ဟု ပြောသည်။

နောက်တက်လာမယ့်အစိုးရ ။ ။ ကျွန်တော်အနေနဲ့ ခန့်မှန်းချက်အရ ပြောရတာ ဖြစ်ပါတယ်။ ကျွန်တော် ပထမခန့်မှန်းချက်တုန်းက သူရဦးရွှေမန်း သမ္မတမဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြီး တပတ်အကြာမှာ ပါတီဥက္ကဋ္ဌ အဖြစ်က ရပ်ဆိုင်းခံခဲ့ရတယ်။ ကျွန်တော်က ဗေဒင်ဆရာလည်း မဟုတ်ဘူး။ အိမ်မက်တွေကို ကောက်ပြီး ခန့်မှန်းတာလည်း မဟုတ်ပါဘူး။ အကျိုးနဲ့အကြောင်း ချိတ်ဆက်ခန့်မှန်းတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း ကြီးကြီးမားမားပြောင်းလဲမှုမရှိနိုင်သလို ၂၀၂၀ လောက်မှ အရပ်ဘက်အစိုးရတက်လာနိုင်မယ်။ ဆိုလိုတာက လက်ရှိတပ်မတော်က ၀န်ကြီးဌာနသုံးခုလောက် သူတို့လက်ထဲမှာ ရှိတယ်။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းရှိပြီးသားမို့ နိုင်ငံရေးပါတီတွေအနေနဲ့ ၅၀ ရာခိုင်နှုန်းဘဲရရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်။

ဒီနိုင်ငံကို ဘယ်ကိုသွားနေလဲဆိုတာကိုကြည့်လိုက်တဲ့အခါ တပ်ကလူတွေကို အပေါ်မှာ ကြာကြာထားလေ့ မရှိပါဘူး။ ထိပ်ကလူတွေကို ရှင်းထုတ်တတ်တယ်။ ၂၀၁၆ မှာ အထက်ပိုင်းကို အကြီးအကျယ် ရှင်းထုတ်မယ်လို့ ခန့်မှန်းရတယ်။ တပ်မတော်မှာ အသစ်တွေကို အစားထိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာမျိုး တွေ့ရပါတယ်။

အကူးအပြောင်း ။ ။ ကျွန်တော်အနေနဲ့ မြန်မာ့နိုင်ငံရေးကို လေ့လာခဲ့တာကြာပါပြီ။ ၂၀၀၂ နှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တွေ့ခဲပါတယ်။ အကူးအပြောင်းကာလတွေဟာ ၁၀ နှစ်မှ ၂၀ ထိကြာမယ်လို့ အဲဒီ အချိန်က ဦးခင်ညွန့်က ပြောခဲ့တယ်။ အဲဒီကာလတွေမှာ Road Map ခုနစ်ချက်ပါ လုပ်ငန်းစဉ်တွေချပြီး ကြီးကြီးမားမား ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကိုကြည့်လိုက်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကဆိုရင် သြဇာအာဏာရှိတယ်။ နောက်ပိုင်းမှာ သူရဲ့ သြဇာအာဏာကို ကန့်သတ်မှုတွေ ရှိလာတယ်။

၂၀၀၈ ခုနှစ်မှာ ဦးသန်းရွှေနဲ့တွေ့စဉ်က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်မှုကိုမေးတော့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေက ပြောပါတယ်။ သူ့မှာ ၀န်ကြီးချုပ်ဦးသိန်းစိန်ရှိပါတယ်။ သူက မြန်မာ့နိုင်ငံရေးကို ပြောင်းလဲ ပေးမှာပါလို့ ဆိုတယ်။ ၂၀၁၀ မှာ ဦးသိန်းစိန်သမ္မတဖြစ်လာခဲ့ပြီး ပထမတနှစ်လောက်မှပဲ ပြောင်းလဲမှု တွေရှိလာတယ်။ နောက်ပိုင်းတော့မတွေ့ရတော့ဘူး။ အတိုက်ခံပါတီတွေကပဲ ပြောင်းလဲမှုကို ဦးဆောင်လာ တာတွေ့ရတယ်။

တပ်မတော်သားများ နေရာယူ ။ ။ ၂၀၁၂ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပါတီတွေပဲ လုံးချာလိုက်နေတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ (၅) နှစ်ဆိုသောအချိန်ကာလအတွင်း အရပ်ဘက်အစိုးရဖွဲ့ဖို့ရာ အလွန်အခက်အခဲရှိတယ်။ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ သူတို့ယုံကြည်ချက်ကို ကျွန်တော့်အနေနဲ့ ခန့်မှန်းချက်တွေသာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့လည်း အာဆီယံနိုင်ငံတွေနည်းတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့အတွက် လိုလားပြီး အရပ်ဘက်အစိုးရတက်လာမှာကို မလိုလာဘူးလို့ မပြောထားပါဘူး။ တပ်မတော်အနေနဲ့ နေရာယူထားမှုတွေ များလာပြီး ၀န်ကြီးဌာနတွေမှာ တပ်မတော်သားတွေဝင်လာလို့ ဆရာဝန်တွေ ဆန္ဒပြသလို အရပ်ဘက်ပြောင်း သွားသူတွေလည်းရှိတယ်။ တချို့ဌာနဆိုင်ရာတွေမှ တပ်မတော်ဘက်က နေရာယူထားပြီးသားမို့ ၂၀၁၅ ရွေး ကောက်ပွဲမှာ အရပ်ဘက်အစိုးရဖွဲ့ခွင့်ရနိုင်မယ်လို့ မထင်ဘူး။

လာမည်နှစ်ပတ်အတွင်း ဘာတွေဖြစ်မလဲ၊ မပြောင်းလဲဘူးဆိုတာမှာ ဘယ်အချက်ပေါ်မှာ ကြည့်တာပါလဲ။ ပြောင်းလဲဖို့ဆိုတာကို ဘယ်အချက်ကနေစရမလဲဆိုတာ ပြည်သူတွေအနေနဲ့ သိချင်ပါတယ်။ ပြောရမှာတော့ ခက်တယ်။ တပ်မတော်ဘက်က နေရာချထားပြီးသား၊ ၀န်ကြီးဌာနသုံးခုမှာ နေရာယူပြီးဖြစ်တယ်။ ကြံ့ခိုင်ရေး ဘက်က အားနည်းတယ်၊ မဲဆန္ဒနယ် ၁၈ နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူး။

သမ္မတဘယ်သူဖြစ်မလဲ ။ ။ NLD ဘက်က သမ္မတလောင်းဟာ သူတို့ဘက်က ထိပ်တန်း လျှို့ဝှက်အဖြစ်ထားတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်းမပြောသလို ဗဟိုတာဝန်ရှိသူတွေကလည်း မပြောဘူး။ ဒါကို ဘယ်သူဖြစ်မလဲဆိုတာ သူတို့ အသိုင်းအ၀ိုင်းနဲ့စကားပြောကြည့်တော့ ဖြစ်နိုင်စရာတဦးကို ခန့်မှန်းကြည့်ရင် သူဟာ NLD ပါတီဝင်ဖြစ်လာတာ မကြာသေးသူဖြစ်ပြီး သံတမန်အသိုင်းအ၀န်းထဲကဆိုတာ ရိပ်ဖမ်းသံဖမ်းခန့်မှန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဦးရွှေမန်း သမ္မတမဖြစ်ဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောတဲ့သူရှိပါတယ်။ အဲဒီလိုမျိုးမတိုင်မီမှာ ဆောင်းပါးတပုဒ်လည်းရေးပါတယ်။ ကျွန်တော်က အရမ်းကျွမ်းကျင်သူ မဟုတ်ပါဘူး။ ခန့်မှန်းတာ၊ ကျွန်တော်က ဂဏန်းတွေမှတ်၊ အိမ်မက်တွေအပေါ် ခန့်မှန်းတာ မဟုတ်ပါဘူး။ အချက်အလက်၊ သက်သေခံတွေ၊ တွေ့ရှိချက်တွေကို အခြေခံပြီးလုပ်တာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့လေ့လာတွေ့ရှိချက် ခန့်မှန်းမှုတွေက ၂၀၁၅ အလွန်မှာ နိုင်ငံတကာသတင်းလိုက်ပုံလိုက်နည်း တွေနဲ့ ခန့်မှန်းခဲ့တယ်။ ဒုသမ္မတအနေနဲ့ ကြံ့ခိုင်ရေးပါတီက ဦးစိုးမောင်ဖြစ်လာမယ်လို့ ခန့်မှန်းတယ်။ ဒါက ခန့်မှန်းချက်တခုသာ ဖြစ်တယ်။ ဘယ်သူသမ္မတ ဖြစ်လာမယ်ဆိုတာ မသိရဘူး။ ကျွန်တော်တို့အားလုံး အတူတူ ခန့်မှန်းကြည့်ရအောင်။

ဗျူဟာခင်းထားသည့် တပ်မတော် ။ ။ တပ်မတော်က ၀န်ကြီးဌာနသုံးခုမှာနေရာယူပြီးသား ဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ NLD အားကောင်းတယ်ဆိုတာကို တပ်မတော်က မြင်ပြီးသားပါ။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းယူပြီးသားဖြစ်တာနဲ့ဆို ၃၀ ရာခိုင်နှုန်းလောက်ကို ဗျူဟာခင်းပြီးသားဖြစ်ပါတယ်။ ပြည်နယ်တွေမှာလည်း နေရာယူထားတာတွေ့ရတယ်။ ၂၀၁၆ မှာ အထက်ပိုင်းကို အကြီးအကျယ် ရှင်းထုတ်မယ်လို့ ယူဆတယ်။ သမ္မတဦးသိန်းစိန်ဟာ သမ္မတ တကြိမ်ပဲ ဖြစ်နိုင်တယ်။ တပ်မှာ အသစ်တွေကို အစားထိုးဖို့ အစီအစဉ်တွေ့ရပါတယ်။ ဆရာဝန်တွေဆိုရင် တပ်ဆရာဝန် လေးထောင်လောက်၊ တပ်အင်ဂျင်နီယာတွေ ပြောင်း၊ ပြည်ထဲရေးဝန်ကြီးမှာလည်း ပြောင်းလာတယ်။

ကျေးလက်ဒေသတွေမှာ မြစိမ်းရောင်စီမံကိန်းတွေနဲ့ နေရာယူထားတာ တွေ့ရတယ်။ အရပ်ဘက်အစိုးရ လုံးဝ တက်လာဖို့ဆိုတာ ၂၀၂၀ မှာ ဖြစ်နိုင်တယ်။ ၂၀၁၅ မှာ အရပ်ဘက် အစိုးရပြောင်းလဲဖို့က ရှင်းရှင်း လင်းလင်း မဖြစ်နိုင်ဘဲ ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒီခန့်မှန်းချက်တွေက ဘေးလူတယောက် အနေနဲ့ ခန့်မှန်းတာဖြစ်တယ်။

ခိုင်ဆက်ဝေ၊ စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment