Tuesday, October 20, 2015

အပြော နှင့် အလုပ် (The Myanmar Review Journal )


အောက်တိုဘာလ ၁၈ ရက်နေ့  ကျုံပျော်မြို့ ခရီးစဉ်တွင် ဒေသခံတစ်ဦး၏ တပ်မတော်နှင့် NLD တစ်သွေးတစ်သားတည်း ဖြစ်အောင် မည်သို့လုပ်ဆောင် မည်နည်းဆိုသည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ‘‘အာဃာတ တရားတွေ ကင်းစင်ရေး၊ ကလဲ့စားမချေရေး တို့ကို ရှေ့ထားပြီးတော့ တပ်မတော်ကို ကျွန်မတို့လက်ကမ်းပြီးတော့ ကြိုဆိုပါတယ်။တပ်မတော် နဲ့ အတူတွဲပြီးတော့ ပြည်သူအကျိုး အတွက် ထမ်းဆောင်ကြစို့ဆိုပြီးတော့ ထပ်တလဲလဲ ကျွန်မတို့ကမ်းလှမ်းထားတာ၊ ခုဒီကနေလည်း ထပ်ပြီးတော့ ကမ်းလှမ်းလိုက်ပါတယ်။ တပ်မတော်က လက်ခံမယ်ဆိုလို့ရှိရင် ကျွန်မတို့က လက်ကမ်းကြိုဆိုဖို့ အဆင်သင့်ပါပဲ’’ဟု ပြောကြားခဲ့ပါသည်။

ရုတ်တရက် ကြည့်လျှင် ထိုပြောကြားချက်မှာ များစွာစိတ်ညွှတ်နူး ကျေနပ်ဖွယ်ကောင်းသည့် ပြောကြားချက် ဖြစ်ပါသည် ။ သို့ သော် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း NLD ၏ လုပ်ဆောင်ချက်အချို့ နှင့် ပြန်လည်ချင့်တွက်ကြည့်ရင် ထိုပြောစကားမှာ လုံးဝယုတ္တိကင်းမဲ့ သည့်  အသွင်ကို ဆောင်နေပါသည် ။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း များစွာရှိသည့်အနက် NLD ပါတီသည် မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရရန် သေချာသလောက်ရှိနေသည့် အင်အားကြီးပါတီကြီး တစ်ခုဖြစ်ပါသည် ။

၁၉၉၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် တပ်မတော်သားအများစုရှိသည့် တပ်မဲဆန္ဒနယ်မြေများတွင်ပါ NLD အနိုင်ရရှိခဲ့ပါသည် ။သို့ သော် ၂၀၁၂ နှင့် ၂၀၁၅ ကြား နှစ်အပိုင်းအခြားလေးအတွင်းတွင်ပင် တပ်မတော် နှင့် NLD ၏ ဆက်ဆံရေးအခြေအနေမှာ များစွာပြောင်းလဲသွားခဲ့ရပါသည် ။ထိုကဲ့ သို့ ပြောင်းလဲသွားရသည့် ကိစ္စသည် NLD ပါတီ၏ နိုင်ငံရေးဆောင်ရွက်ချက် နှစ်ခုနှင့် အဓိက ပတ်သက်လျက် ရှိပါသည် ။

ပထမတစ်ခုမှာ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲဖြစ်ပါသည် ။ ထိုစစ်ပွဲအတွင်း တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု များစွာ ရှိခဲ့ပါသည် ။ အဓိကထင်ရှားသော ဖြစ်စဉ်များမှာ မြစ်ကြီးနားအခြေပြု ခလရ (၂၁ ) ၏ လူနာပို့ ယာဉ်တန်းအား ခြုံခိုတိုက်ခံရသည့် ဖြစ်စဉ်နှင့်
ဖားကန့် ဒေသ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ (၂၆၉ ) အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပါသည် ။

ထိုဖြစ်ရပ်များတွင် တပ်မတော်ဘက်မှ စစ်သည်များစွာကျဆုံးခဲ့ရပါသည် ။ထိုဖြစ်ရပ်များတွင် NLD ပါတီအနေဖြင့် တစ်ခွန်းတစ်ပါဒမှ မှတ်ချက်မပြုခဲ့သော်လည်း ၂၄.၁၁.၂၀၁၄ ရက်နေ့ တွင်
လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအား တပ်မတော်မှ အမြောက်ဆန်ထိမှန်ကာ ကေအိုင်အေ ဗိုလ်လောင်းအချို့  ကျဆုံးခဲ့ရသည့် ကိစ္စတွင်မူ NLD ဗဟိုကော်မတီမှ ကြေငြာချက်အမှတ် ၁၃/၁၁ / ၂၀၁၄ ဖြင့် လွန်စွာဝမ်းနည်းကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီး

အဖြစ်မှန်ဖော်ထုတ်ပေးရန် အစိုးရကိုတောင်းဆိုခဲ့ရာ တပ်မတော်အသိုင်းအ၀ိုင်းတစ်ခုလုံး စိတ်ထိခိုက် ဒေါသထွက်ခဲ့ရပါသည် ။ဒုတိယ ဖြစ်စဉ်မှာ လောက်ကိုင်ဒေသစစ်ပွဲများ အပေါ် NLD ပါတီ၏ သဘောထားဖြစ်ပါသည် ။ လောက်ကိုင်ဒေသ စစ်ပွဲများသည် ဖုန်ကြားရှင်တပ်ဖွဲ့ များက လောက်ကိုင်ဒေသရှိ တပ်မတော်စခန်းများအား ၀င်တိုက်ရာမှ စတင်ခဲ့ပြီး

တစ်ဖက်နိုင်ငံ၏ အထောက်အပံ့ နှင့် နယ်စပ်မျဉ်းပေါ်ရှိ ပေ၈၀၀၀ကျော်မြင့်မားသော တာင်တန်းများပေါ်ရှိ အခိုင်အမာခံစစ်များအား တက်ရောက်တိုက်ခိုက်ရခြင်းကြောင့် တပ်မတော်ဘက်မှ အကျအဆုံးများပြားခဲ့ရပါသည် ။လောက်ကိုင်စစ်ပွဲအား ပြည်သူအများအပြားက ထောက်ခံကြောင်းပြသခဲ့ကြပြီး သမ္မတ ၊ လွှတ်တော် ဥက္ကဌ ၊ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ နိုင်ငံရေးပါတီများ ၊ အနုပညာရှင် များပါ မကျန်လောက်ကိုင်ဒေသတွင် တိုက်ပွဲဝင်နေသော စစ်သည်များအား

စာနာနားလည်ထောက်ခံကြောင်း ပြသခဲ့ကြပါသည် ။ထို လောက်ကိုင်စစ်ပွဲကြီး တစ်ခုလုံးအား
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတစ်ခုလုံးက လစ်လျူရူ မသိဟန်ပြုနေခဲ့ကြပါသည် ။
ထိုဖြစ်ရပ်သည်လည်း တပ်မတော်အသိုင်းအ၀ိုင်း နှင့် NLD ပါတီအကြား လွန်စွာမှပင် ဆက်ဆံရေးတင်းမာစေခဲ့ပါသည် ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော် နှင့် တကယ်တန်း ဆက်ဆံရေးကောင်းမွန်လိုပါက စင်မြင့်ပေါ်မှ စကားများစွာပြောဆိုနေရန် မလိုပါ ။ ပန်းခွေတစ်ခွေ ၊ ပန်းခြင်းတစ်ခုဖြင့် တိုင်းပြည်အတွက် အသက်စွန့် သွားသော စစ်သည်များကို အသိအမှတ်ပြု ပေးရန်သာ လိုအပ်ပါသည် ။

ထိုလုပ်ရပ်တစ်ခုတည်းနှင့်ပင် တပ်မတော် အသိုင်းအ၀ိုင်းမှ ဒေါ်အောင်ဆန်းစုကြည်အား များစွာကျေးဇူးတင် ကျေနပ်နှစ်သိမ့်သွားနိုင်စရာ အကြောင်း ရှိနိုင်ပါသည် ။ သို့ ရာတွင် ထိုကဲ့ သို့ စာနာနားလည်မှုမျိုးကို ပေးရန်ကိုပင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီမှ ပျက်ကွက်ခဲ့ပါသည် ။
ထိုကဲ့ သို့ သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ သည်
ရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်အလိုတွင်မှ တပ်မတော်ကို ကျွန်မတို့လက်ကမ်းပြီးတော့ ကြိုဆိုပါတယ်ဟု ပြောဆိုနေခြင်းသည် လွန်စွာမှပင် ထူးဆန်းအံသြဖွယ်ကောင်းပြီး လက်တွေ့ မကျသည့် အပြောသက်သက် လုပ်ရပ်တစ်ခုသာ ဖြစ်နေပါကြောင်း ဝေဖန်ထောက်ပြအပ်ပါသည် ။


( အယ်ဒီတာ )
၂၁.၁၀.၂၀၁၅ ရက်နေ့ ထုတ်
The Myanmar Review Journal
အတွဲ ၂ ၊ အမှတ် ၁၆ ပါ အယ်ဒီတာအာဘော်
Ye Moe (Facebook)

0 comments:

Post a Comment